ဧရာ၀တီတိုင်းမ်
မတ်လ ၂ ရက်

ရန်ကုန်တိုင်း၊ သန်လျင်အောင်ချမ်းသာရပ်ကွက်၊ ဖွံ့ ဖြိုးရေးလမ်းမပေါ်ရှိ ဆိုင်ခန်းများနှင့် လူနေအခန်းငယ်များကို စစ်တပ်နှင့်ရဲများမှ ယမန်နေ့ မတ်လ ၁ ရက်နေ့က အင်အား သုံးဖြိုချဖျက်ဆီး လျက်ရှိကြောင်း ဆိုင်ခန်းပိုင်ရှင်များထံက သိရသည်။

ယမန်နေ့ နံနက် ၈ နာရီမှစတင်၍ စစ်ကောင်စီတပ်နှင့် ရဲများက လမ်းများကိုပိတ်ချကာ အဆိုပါ ဆိုင်ခန်းနှင့် လူနေအခန်းများသည် ကျူးဖြစ်သည်ဟုဆိုကာ ဘူဒိုဇာများဖြင့် ဖြိုချ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရ သည်။

” ၁ ရက်နေ့ကိုအပြီးဖယ်ပေးရမယ်ဆိုပြီး ၂၈ ရက်နေ့ ညနေလောက်က ရဲနဲ့စစ်သားတွေ လာပြောတာ။ ည တွင်းချင်းကြီး ပြောင်းကြရတာ။ တချို့က မနက်မှပြောင်းမယ်ဆိုပြီး နေနေတဲ့လူတွေရဲ့ ပစ္စည်းတွေ အကုန်ကုန်တာပေါ့။ ဖယ်ချိန်တောင်မရဘူး မနက် အစောပိုင်း ရဲတွေရော စစ်သား(စစ်ကောင်စီတပ်သား)တွေရော ရောက်လာပြီး ဖျက်ပစ်ကြတာ။ လမ်းမတန်းမှာရှိတဲ့ ဈေးဆိုင်တန်းတစ်တန်းလုံးပဲ။ ဆိုင်ခန်းနဲ့ လူတွေပါ နေနေကြတာပေါ့။ ခုလိုကာလမျိုး ဒီလိုဖျက်ခံရတော့ ဘယ်လိုလုပ်ရမယ်တောင် မသိတော့ဘူး”ဟု အဖျက်ခံရသည့် ဆိုင်ခန်းပိုင်ရှင်အမျိုးသားက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထိုသို့ ရဲနှင့်စစ်သားများ ဆိုင်ခန်းများကို ၀င်ရောက်ဖြိုချဖျက်ဆီးနေစဉ် အမျိုးသမီး တစ်ဦးမှ ဓာတ်ပုံရိုက်ယူခဲ့၍ ယင်းအမျိုးသမီးကို စစ်ကောင်စီလက်အောက်ခံ ရဲများက ရိုက်နှက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကောင်မ လေးတစ်ယောက်က ဖုန်းနဲ့ သူတို့မသိအောင်ပါဘဲ ဖုန်းလေးနဲ့ ပုံရိုက်တာ။ အဲဒါ‌ကိုတွေ့သွားပြီး ဖုန်းကိုလည်း ကိုင်ပေါက်ပစ်လိုက်ပြီးတော့ ကောင်မလေးကို လည်း ရဲတွေက မျက်နှာတွေ၊ ကျော‌တွေကို ဝိုင်းရိုက်သွားကြတယ်။ လမ်း‌မအချို့ကိုလည်း ပိတ်ဆို့ပြီး သူတို့တိုက်ခိုက်မခံရအောင် လုပ်ပြီးမှ ဖျက်ကြတာ”ဟု မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ဈေးဆိုင်ခန်းနှင့် လူနေခန်းပေါင်း ၃၀ ကျော် ဖြိုချဖျက်ဆီးခံခဲ့ရပြီး စစ်ကောင်စီဘက်က ယင်းသို့လမ်းဘေးဈေးဆိုင်ခန်းနှင့် ရပ်ကွက်ပျံကျဈေးများကိုစီမံချက်ဖြင့် ဖျက် ဆီးခိုင်း ခြင်းဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူထံမှ သိရှိရသည်။

အလားတူ ဒဂုံဆိပ်ကမ်းမြို့နယ် ၉၄ ရပ်ကွက် ယုဇနဥယျာဉ်မြို့တော်ရှိ ရပ်ကွက်‌ဈေးကိုလည်း စစ်ကောင်စီမှ ၀င်ရောက်ဖျက်သိမ်းခဲ့ရာ ဈေးဆိုင်ခန်းနှင့် လူနေအိမ် ၂၀၀ ကျော်ဖျက်သိမ်းခံခဲ့ရကြောင်း သိရှိရ သည်။

#ရန်ကုန်တိုင်း #သန်လျင်အောင်ချမ်းသာ #ဈေးဆိုင်ခန်း #လူနေအိမ် #စစ်ကောင်စီတပ် #ရဲများ #ဖြိုဖျက် #အမျိုးသမီး #ရိုက်နှက် #Ayeyarwaddy_Times