ဧရာဝတီတိုင်းမ်
မတ်လ ၂ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မတ်လ ၁ ရက်နေ့က ရှရော်ခကျေးရွာကို စစ်ကောင်စီတပ်က အင်အား အများပြားနဲ့ ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၂၀၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ရှရော်ခကျေးရွာကို ၄ နာရီလောက်မှာ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်လောက်နဲ့ ဝင်ရောက်စီးနင်း ခဲ့ပြီး ဒေသခံ အမျိုးသားတွေရော အမျိုးသမီးတွေကိုပါ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ အဖမ်းခံရတာ လူငယ်တွေများတယ်၊ ဘာလို့ဖမ်းတယ်ဆိုတာတော့ သေချာအကြောင်းပြချက်မသိရသေးဘူး။ အဖမ်းခံရတဲ့အထဲမှာတော့ မိန်းကလေးတွေလည်း ပါတယ်”လို့ ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်စီးပြီး တွေ့သမျှ လူငယ် အမျိုးသား အမျိုးသမီး အကုန်လုံးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ရှရော်ခကျေးရွာမှာနေထိုင်သူအများစုဟာ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲပြင်းထန်နေတဲ့ ပုလဲ၊ ဂန့်ဂေါ်ဘက်က စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေဖြစ်ပြီး စစ်ကောင်စီတပ်က ဖေဖော်ဝါရီလမကုန်ခင် ပြောင်းရွှေ့ဖို့ အမိန့်ပေး ပြီးနောက်ပိုင်း ခုလိုမျိုး ဝင်ရောက်စီးနင်းဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။