ဧရာဝတီတိုင်းမ်
နိုင်မင်းလွင်၊ မတ်လ ၂ ရက်
အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ၎င်း၏ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ အပါအဝင် စစ်ခေါင်းဆောင်ဟောင်းများ၏ ဇနီးများကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် ဖြစ်သည့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ကို ချီးမြှင့်ခြင်းသည် မစင်ပုံကို ရွှေကွပ်ပေးသလို ဖြစ်နေသည်ဟု နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ ဆရာတော် ဦးဝါယမက ဧရာဝတီတိုင်းမ်ကို မိန့်ကြားသည်။
စစ်ကောင်စီဥက္ကဋ္ဌသည် ၎င်း၏မိန်းမ ဒေါ်ကြူကြူလှနှင့် စစ်ခေါင်းဆောင်များ၏ ဇနီးများဖြစ်သော ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်းမောင်အေး၏ ဇနီးဒေါ်မြမြစန်း၊ သမ္မတဟောင်း ဦးသိန်းစိန်၏ ဇနီး ဒေါ်ခင်ခင်ဝင်း၊ လက်ရှိ စစ်ကောင်စီ၏ ယာယီသမ္မတ ဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေး၊ ဗိုလ်ချုပ်ကြီးဟောင်း စိုးဝင်း၏ဇနီး ဒေါ်သန်းသန်းနွဲ့၊ ဒုသမ္မတဟောင်း ဒေါက်တာစိုင်း မောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုံတို့ကို အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ် ချီးမြှင့်ကြောင်း ယနေ့ မတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
“တကယ်သူတော်ကောင်း ပညာတတ် ရဟန်းသံဃာတွေ အဂ္ဂမဟာပဏ္ဍိတတို့ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇတို့ စာသင်စာချဘွဲ့တွေစသည်အားဖြင့် ရကြတာတွေကို ဦးဇင်းတို့မပြောလိုပါဘူး။ အဲဒီလိုမဟုတ်ဘဲနဲ့ ဒီလိုဘွဲ့တွေကို အချို့ဘုန်းကြီးတွေ ငွေပေးပြီး ဝယ်နေတာမျိုးတွေလည်းရှိတယ်။ ဒါကြောင့်မို့လို့ သင်္ကန်းဝတ်ပြီး ငွေပေးတဲ့ ဘုန်းကြီးတောင် ဒါအောက်တန်းစားလုပ်ရပ်။ ဘွဲ့တံဆိပ်ကို ခိုးယူတဲ့ လုပ်ရပ်မျိုး ဖြစ်တယ်ပေါ့နော်။ တိုင်းပြည်ဘဏ္ဉာကို ခိုးစားပြီး ဒီလောက်သတ်ဖြတ်နေတဲ့ စစ်မိစ္ဆာတွေရဲ့ မယားတွေမှာ လိုချင်ခြင်း ချင်ခြင်းဟာ သူတို့ယောကျ်ားတွေကို ပိုပြီးတော့ မောင်းတင်နိုင်တယ်။ နောက်က မောင်းနှင်အားတွေက ဒီမိန်းမတွေ ဖြစ်နေတာ။ ဒီလို မိန်းမတွေဟာ တကယ် တမ်းကျတော့ အဂ္ဂမဟာဆိုတဲ့ စကားနဲ့ ဘယ်လိုလုပ်တန်မလဲ။ တကယ့် အောက်တန်းစားတွေ၊ တနည်းပြောရင် မစင်ပုံကို ရွှေသွားကွပ်ပေးသလို၊ မစင်ပုံကို ရွှေဖြန်းသလိုပဲ” ဟု ဆရာတော် ဦးဝါယမက ဧရာဝတီတိုင်းမ်သို့ မိန့်ကြား သည်။
စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်သည် သာသနာတော်သုံးရပ် တိုးတက်စည်ပင် ထွန်းကား ပြန့်ပွားစေရန်အလို့ငှာ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ ထောက်ပံ့လှူဒါန်းခဲ့သည့်အတွက် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ကြူကြူလှအပါအဝင် စစ်ခေါင်းဆောင်များ၏ ဇနီးများကို အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ် ချီးမြှင့်ခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
“သူ့(မင်းအောင်လှိုင်) တပ်တွင်းမှာကိုပဲ ဘယ်လိုမှကို ထိန်းချုပ်လို့ မရတော့လို့၊ အကွဲကွဲ အပြားပြားတွေ ဖြစ်နေလို့ အညံ့ခံသူချင်နေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ အပေါင်းအပါတွေ၊ ပြည်သူ့ဘက်ကို ယိမ်းယိုင်ပါသွားချင်တဲ့ အာဏာသိမ်း စစ်ခေါင်း ဆောင်ဟောင်းတွေကို သူတို့ရဲ့ ဇနီးတွေကနေတဆင့် တစ်ဖက်လှည့်နဲ့ သွေးဆောင်ဖြား ယောင်းခြင်း လုပ်ဆောင်မှုတစ်ခုလို့ပဲ ဦးဇင်းတို့ မြင်ပါတယ်” ဟု နွေဦးတော်လှန်ရေး သံဃကွန် ရက်မှ ဆရာတော် ဦးအဂ္ဂ(နယူးဒေလီ)က ဧရာဝတီတိုင်းမ်ကို မိန့်သည်။
ထိုပြင် စစ်ကောင်စီဥက္ကဋ္ဌသည် လွတ်လပ်ရေးရပြီး (၇၅) နှစ်တာကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် နိုင်ငံ့ဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင် ခဲ့ကြသူများဟုဆိုကာဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ သံအမတ်ကြီးဟောင်းများ၊ ညွန်ကြားရေးမှူးချူပ်ဟောင်းများ၊ ဦးဆောင်ညွှန်ကြားရေးမှူးဟောင်းများ၊ ဥက္ကဌများနှင့် စာရင်းစစ်ချုပ် စုစုပေါင်း ၅၄ ဦးကို သီရိပျံချီဘွဲ့နှင့် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
#စစ်ခေါင်းဆောင်မင်းအောင်လှိုင် #စစ်အာဏာရှင်ဟောင်း #ဇနီးများ #သာသနာတော်ဆိုင်ရာ #ဘွဲ့တံဆိပ်ချီးမြှင့် #မစင်ပုံ #ရွှေကွပ် #Ayeyarwaddy_Times