ဧရာဝတီတိုင်းမ်
မတ်လ ၁ ရက်
စစ်ကောင်စီက ကျင်းပရန်ကြိုးစားနေသော ရွေးကောက်ပွဲသည် ရခိုင်ပြည်သူလူထု အတွက် တစ်စုံတစ်ရာ အထောက်အပံ့မဖြစ်နိုင်သလို ပြောင်းလဲမှုကိုလည်း လုပ်ဆောင်ပေး နိုင်မည်မဟုတ်ဟု ရက္ခိုင့်တပ်တော် (AA) ကပြောကြားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်က အွန်လိုင်းမှတဆင့်ပြုလုပ်သည့် ရက္ခိုင့် တပ်တော် (AA) ၏ သတ္တမအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ AA ၏သဘောထားကို မေးမြန်းရာတွင် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
“အတွေ့အကြုံအရပြောရရင် ဒီရွေးကောက်ပွဲတွေဟာ ရခိုင်တွေရဲ့ဘဝ ပြောင်းလဲမှု၊ တိုးတက်မှုတွေကို တစ်စုံတစ်ရာအထောက်အပံ့ဖြစ်ခဲ့တာမတွေ့ရဘူး။ ဒါကြောင့် ပြည်သူတွေလည်း စိတ်ကုန်နေတာကိုတွေ့ရတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းကို ပြောစရာမရှိပါဘူး။ ရွေးကောက်ပွဲဆိုတာ ပြည်သူတွေရဲ့ဆန္ဒကိုခံယူတာဖြစ်လို့ ပြည်သူတွေထောက်ခံရင် ရွေးကောက်ပွဲဖြစ်မယ်။ မထောက်ခံရင်ရွေးကောက်ပွဲက အလကားပဲ။ တရားဝင်မှုလည်း ရှိလာမှာမဟုတ်ဘူး။ ရခိုင်ကပါတီတွေအနေနဲ့လည်း ဝင်ပြိုင်ခြင်း၊ မပြိုင်ခြင်းက သူတို့ဆုံးဖြတ်ရမှာပဲဖြစ်တယ်” ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
စစ်ကောင်စီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပြဌာန်းခဲ့ပြီး မှတ်ပုံတင်ထားသည့် ပါတီများသာလျှင် ရွေးကောက်ပွဲဝင်ပြိုင်ရမည်ဖြစ်ကာ နိုင်ငံရေးပါတီများအနေဖြင့် ဥပဒေသစ် ပြဌာန်းလိုက်သည့် နေ့မှစ၍ ရက်ပေါင်း ၆၀အတွင်း မှတ်ပုံတင်ကြရမည်ဖြစ်သည်။
စစ်ကောင်စီက ပြဌာန်းလိုက်သည့် ဥပဒေသစ်တွင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပြည်ထောင်စုတစ်ဝန်လုံးတွင်ရှိသည့် မြို့နယ်အားလုံး၏ ထက်ဝက်တွင် ရုံးခန်းဖွင့်လှစ်နိုင်ရမည်ဖြစ်ပြီး ပြည်နယ်အတွင်း၌သာ စည်းရုံးမည့် ပါတီဆိုပါက အဆိုပါပြည်နယ်ရှိ မြို့နယ်များထဲမှ အနည်းဆုံးမြို့နယ် ငါး မြို့နယ်တွင်ရုံးခန်း ဖွင့်လှစ်နိုင်ရမည်ဟု ပါရှိသည်။
ထို့အပြင် ပြည်ထောင်စုအဆင့်လျှောက်ထားမည့်ပါတီများအနေဖြင့် ပါတီရန်ပုံငွေ သိန်း ၁၀၀၀ နှင့် ပြည်နယ်အဆင့်လျှောက်မည့်ပါတီများအတွက် ပါတီရန်ပုံငွေ သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တခုခုတွင် ငွေစာရင်းဖွင့်လှစ်ထားကြောင်း အထောက်အထားပြရမည်ဟု စစ်ကောင်စီ၏ ပါတီမှတ်ပုံတင်ခြင်း ဥပဒေသစ်တွင် ဆိုထားသည်။
စစ်ကောင်စီ၏ အဆိုပါ ပြဌာန်းချက်များသည် လူနည်းစုတိုင်းရင်းသားပါတီများအတွက် အခက်အခဲ ဖြစ်စေကြောင်းနှင့် ပါတီမူဝါဒအရ အာဏာရှင်နှင့်ပူးပေါင်းမည့်အစီအစဉ်မရှိ၍ မှတ်ပုံတင်မည်မဟုတ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ပါတီကပြောသည်။
“ကျွန်တော်တို့ပါတီရဲ့မူဝါဒ ရေးဆွဲကတည်းက အာဏာရှင်ကိုမထောက်ခံရဘူး။ အာဏာရှင်နဲ့မပူးပေါင်းရဘူးဆိုတဲ့အချက်ပါတဲ့အတွက် ကျွန်တော်တို့ ပါတီမှတ်ပုံမတင်ဖို့ ကို ဆုံးဖြတ်လိုက်တာပါ။ ဥပဒေပြဌာန်းချက်မှာပါတဲ့ငွေကြေးနဲ့ အချက်အလက် တွေကြောင့် မဟုတ်ပါဘူး။ အဓိက မူဝါဒအတိုင်းပဲဆုံးဖြတ်လိုက်တာပါ။ အခုကျင်းပမယ့် ရွေးကောက်ပွဲကို စစ်အာဏာရှင်ကလုပ်မှာဖြစ်တဲ့အတွက်တစ်နိုင်ငံလုံး ကလည်း အယုံ ကြည်မရှိကြဘူး။ အခုကျင်းပမဲ့ရွေးကောက်ပွဲ ဖြစ်မြောက်ရေး၊မဖြစ်မြောက်ရေးကို ပြည်သူတွေကပဲ အဆုံးအဖြတ်ပေးကြပါလိမ့်မယ်” ဟု ALD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်းကပြောသည်။
လက်ရှိတွင် ရခိုင်တိုင်းရင်းသားပါတီများထဲမှ ဒေါက်တာအေးမောင်တည်ထောင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP)တခုသာလျှင် ပါတီမှတ်ပုံတင်ထားပြီး ခမီအမျိုးသား ပါတီမှာလည်း မှတ်ပုံ တင်ရန် စီစဉ်နေကြောင်း သိရသည်။
ရခိုင်အမျိုးသားပါတီ(ANP)ပါတီအပါအဝင် တစ်ခြားတိုင်းရင်းသားပါတီများမှာမူ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ပါတီများမှတ်ပုံတင်ရန် ခေါ်ယူထားသည့် ရက်ပေါင်း ၃၀ ကြာမြင့် အချိန်ထိ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပေ။
#ရခိုင်ပြည်နယ် #စစ်ကောင်စီရွေးကောက်ပွဲ #AA #ရခိုင်နိုင်ငံရေးပါတီ #ရခိုင်ပြည်သူ
#တရားမဝင် #Ayeyarwaddy_Times