ဧရာဝတီတိုင်းမ်
မတ်လ ၂ ရက်နေ့
ရှမ်း-ကယားနယ်စပ်ဒေသတွင် ဖေဖော်ရီလ(၂၇)ရက်နေ့ နံနက်(၆)နာရီ(၃၀)မိနစ်အချိန်၌ ဘီပီ_၁၂၊ ကောက်ကောက်စခန်းအနီးရှိ စစ်ကောင်စီတပ်ခလရ(၁၃၅)၊ ခလရ(၅၄)နှင့် အမြောက်တပ်အမှတ်(၃၆၀)တို့ အခြေပြုထားသည့် တောင်ကုန်းပွိုင့်အမှတ်(၁၄၄၁)စခန်း(၁)ခုကို ကရင်နီတပ်မတော်(KA)တပ်ရင်း(၁)၊ တပ်ရင်း(၅)နှင့် KNDF ပူးပေါင်းတပ်တို့မှ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ပွိုင့်(၁၄၄၁)စခန်းသည် စခန်း(၂)ခုရှိပြီး လက်နက်ကြီးတပ်စုအခြေပြုသည့် ပထမစခန်းကို မိနစ်ပိုင်းအတွင်း လွယ်ကူစွာဝင်ရောက်စီးနှင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းစခန်းမှ ၁၂၀မမ(၁)လက်၊ ၉မမ(၁)လက်၊ အာပီဂျီ-၇(၁)လက်၊ ငါးကျင်းမြီးစက်လတ်(၁)လက်၊ အမ်အေ-၂ (၃)လက်၊ အမ်အေ-၄(၁)လက် အမျိုးအစားမသိရသေးသည့်လက်နက်(၂)လက်နှင့် ဗုံးသီးများ ကျည်ဆံခဲယမ်းများ သိမ်းဆည်းရမိကြောင်းနှင့် စခန်းအတွင်းတွင်ပြန့်ကျဲသောစစ်ကောင်စီ၏ အလောင်း(၁၀)လောင်းခန့် တွေ့ရ ကြောင်းစစ်မြေပြင်မှစစ်အရာရှိ(၁)ဦး၏ သတင်းပေးပို့ချက်များကို ကိုးကားရေး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပထမစခန်းသိမ်းဆည်းမှုအပြီး နံနက်(၈)နာရီခန့်တွင် ဒုတိယစခန်းတစ်ခုကိုဆက်လက်သိမ်းပိုက်ရန် ပြင်ဆင်ရန်နေစဉ် ပစ်ကူထောက်ကူမှုပြုရန် အနောက်ဖက်မှစစ်ဂျက်လေယာဉ်(၅)စီးတိတိ ဝင်ရောက်လာပြီး စက်သေနတ်များဖြင့်လည်းကောင်း၊ ဗုံးသီးများဖြင့်သော်လည်းကောင်း ပစ်ခတ်မှုပြုလာသဖြင့် ပြန်လည် ဆုတ်ခွာပေးရသည်ဟု ဆိုသည်။
၁၂၀မမ လက်နက်ကြီး(၂)လက်ရှိသော်လည်း အခြေအနေရ(၁)လက်သာ ရယူနိုင်ခဲ့ပြီး တပ်စခန်း၏အပြင်ဖက်တွင် (၁)လက်ချန်လပ်ခဲ့ကြောင်းနှင့် KA ဖက်မှ စစ်သည်အချို့ ကျဆုံးခဲ့ရပြီး (၁၅)ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
စစ်ကောင်စီတပ်တို့သည် ပွင့်လင်းရာသီဟုခေါ်သည့်မိုးအကုန်ဆောင်းရာသီကာလတွင် ဝေးလံ ခေါင်းဖျားသည့်တပ်စခန်းများဆီသို့ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ဆောင်လေ့ရှိသည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ ရေးသားဖော်ပြထားသည်။
နွေဦးတော်လှန်ရေးကာလတွင် ပြည်တွင်း၌ စစ်ရေးပြင်းထန်နေခြင်း၊ ပို့ဆောင်နေကျလမ်းဟောင်း လမ်းကြောင်းအတိုင်း စီစဉ်ပါက တော်လှန်ရေးအင်အားစုတို့၏ မကြာခနပြတ်တောက်တိုက်ခိုက်ခဲ့ရခြင်းတို့ကြောင့် ရိက္ခာပို့ဆောင်ရေး အစီအစဉ်တွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရလျှက်ရှိကြောင်း သိရသည်။
ရှမ်း-ကယားနယ်စပ်ဒေသတွင် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ (၂)လတာအတွင်း တိုက်ပွဲပေါင်း(၇)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၄၀)ဦးခန့် သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ (၂၀)ကျော်ခန့်ရှိပြီးဖြစ်သည်ဟု ကရင်နီတပ်မတော်(KA) စစ်သတင်းမှတ်တမ်းများ အရသိရသည်။
#ရှမ်း #ကယား #နယ်စပ် #စစ်ကောင်စီ #လက်နက်ကြီးစခန်း #တိုက်ခိုက်သိမ်းပိုက် #၂လ
#Ayeyarwaddy_Times