ဧရာဝတီတိုင်းမ်
မတ်လ ၂ ရက်

ကရင်နီပြည်နယ်(ကယား)၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ရှိ စစ်ဘေးရှောင်စခန်း ၉၈ ခုက စစ်ဘေးရှောင်ပြည်သူ ၂၁၀၀၀ ကျော်အတွက် စားနပ်ရိက္ခာများလိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူ ၂၁၀၀၀ ကျော်အတွက် နေ့စဥ် ဆန်အိတ် ၁ဝ၃၈ ကျော်လိုအပ်နေပြီး အခြေခံစားသုံးကုန်တွေပါ လိုအပ်နေတာလို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်အဖွဲ့ကနေ သိရပါတယ်။

“ စပါးစိုက်တာက စစ်ပွဲတွေဖြစ်နေတော့ နေရာတော်တော်များများမှာ စိုက်လိုမရတော့ဘူး၊ အချို့နေရာတွေမှာစိုက်လို့ရပေမယ့် လုံလောက်မှု့တော့မရှိပါဘူး၊ ဆန်ရှားပါးတဲ့ပြဿနာအတွက် အလှူရှင်တွေစောင့်လိုက် နိုင်သလောက်စိုက်လိုက်နဲ့ပဲ ရုန်းကန်သွာလာနေရပါတယ်“လို့ ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်အဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်လာပြီးနောက်ပိုင်း စပါး စိုက်ပျိုးနိုင်မှုမရှိတော့တာကြောင့် စားနပ်ရိက္ခာအတွက် ဆန်အရေးပေါ်လိုအပ်နေတာလို့ ဆိုပါတယ်။

ကရင်နီပြည်(ကယားပြည်)မှာ စစ်ဘေးရှောင်ဦးရေမှာ ၂ သိန်းကျော်အထိရှိနေပြီး ဆန် ၊အဝတ်အထည်နဲ့ သောက်သုံးရေတွေ နေ့စဉ်လိုအပ်မှုရှိနေတာဖြစ်ကြောင်း ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်အဖွဲ့ထံက သိရပါတယ်။

#ကရင်နီပြည် #စစ်ဘေးရှောင် #စားနပ်ရိက္ခာ #အရေးပေါ်လိုအပ် #Ayeyarwaddy_Times