ဧရာဝတီတိုင်းမ်
မတ်လ ၂ ရက်
ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်က မြို့ရှောင်လမ်းပေါ်မှာ မတ်လ ၁ ရက်နေ့မနက်ပိုင်းက “စစ်ခွေးနိဂုံး ၂၀၂၃” စာတမ်းနဲ့ လူမဲ့သပိတ်ပြုလုပ်ထားစဥ် စစ်ကောင်စီတပ်များရောက်လာပြီး အနီးကကျေးရွာနေထိုင်သူများကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကြံခင်းမြို့ရှောင်လမ်းက ရေကာတာနံရံမှာ လူမဲ့သပိတ်ပြုလုပ်မှုနဲ့ပတ်သတ်ပြီး အနီးအနားကကျေးရွာတွေဖြစ်တဲ့ တလိုင်းကွင်းကျေးရွာ၊ ပေါက်တောကြီးကျေးရွာ ၊ ပန်းရံစုကျေးရွာများအတွင်း စစ်တပ်နဲ့ရဲများက ဒေသခံတွေကိုခြိမ်းခြောက်စစ်ဆေးမှုပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“မနက်အစောကြီး ပဲရှိသေးတယ် စစ်တပ်၊ရဲအင်အား ၃၀ လောက် သေနတ်တွေမိုးပေါ်ဖောက်ပြီး လူမဲ့သပိတ်မှာပါတဲ့လူတွေကို ရှာမယ်ဆိုပြီး မနက် ၉ နာရီလောက်ကျ ရွာတွေက လူငယ်တွေကို အဓိကထားခေါ်မေးနေတာ၊ ခုထိတော့ ဖမ်းတာတော့မရှိသေးဘူး၊ ဒါပေမယ့် သူတို့မသင်္ကာရင်တော့ဖမ်းမယ်ထင်တယ်၊ စာတန်းလေးတစ်ခုတောင်သွေးပျက်နေကြတယ်”လို့ ဒေသခံ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မနေ့ကလူမဲ့သပိတ်ပြုလုပ်ထားတဲ့ စာတန်းကို ဖြုတ်ယူသိမ်းဆည်းသွားပြီ မြို့ရှောင်လမ်းကိုလည်း သွားလာခွင့်ပတ်ဆို့လိုက်ပြီး မော်တော်ယာဥ်များကို ကြံခင်းမြို့တွင်းလမ်းကနေသာသွားလာခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီ တပ်များပြန်လည်ထွက်ခွာသွားပေမယ့် ကျေးရွာ ထိပ်နဲ့ ကားလမ်းတွေပေါ်မှာ အရပ်၀တ်နဲ့ စောင့်ကြည့်မှုများပြုလုပ်နေတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲတဲ့ ဖေဖော်ဝါရီလ၂၄ ရက်နေ့က ကြံခင်းမြို့ ပုသိမ်-မုံရွာကားလမ်းမကြီးဘေး ကံဆယ်ရွာနှင့် ရှောက်ခုံရွာကြားတွင် “ငါတို့ချစ်တဲ့ဧရာဝတီ နိုးထကြ ပုန်ကန်ကြ တော်လှန်ကြ”စာတန်းချိတ်ဆွဲထားတဲ့လူမဲ့သပိတ်ကို လာရောက်ဖြုတ်ယူတဲ့ စရဖတပ်သားကျော်ဇင်၀င်းဆိုသူ ရပ်ထားတဲ့ ကုန်တင်ယာဥ်ကို၀င်တိုက်ပြီးသေဆုံးခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက ကင်းလှည့်စစ်ဆေးမှုတွေပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။