ဧရာဝတီတိုင်းမ်
မတ်လ ၁ ရက်
ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်၊ ပြင်ရွာအနီးမှာ မတ်လ ၁ ရက်နေ့ မနက် ၃ နာရီကနစ်မြုပ်သွားတဲ့ လှိုင်းရာဇာ(၂) ရေယာဥ်ကို ရေအောက်မှာရှာတွေ့ထားပြီး ပျောက်ဆုံးနေသူ ၄ ဦးကိုတော့ ယနေ့အချိန်ထိရှာမတွေ့သေးဘူးလို့ ဒေသခံတွေဆီကနေသိရပါတယ်။
“မနေ့က ညနေ ၄နာရီလောက်မှာ မြစ်ထဲကို ကျောက်ဆူးကြိုးချပြီးတိုက်ဆွဲ ရှာတာမှာရေအောက်ရောက်နေတဲ့ သင်္ဘောကို ချိတ်မိတယ် အထဲမှာ၀န်တွေနဲ့ ရေအနက်ပိုင်းမှာနစ်မြုပ်နေတယ် ပျောက်နေတဲ့လူတွေကတော့ခုထိမတွေ့သေးဘူး”လို့ ပြင်ရွာဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လှိုင်းရာဇာ(၂ ) သံခွံ ရှပ်ပြေးရေယာဥ်ဟာ မြောင်းမြမြို့နဲ လပွတ္တာ မြို့နယ်ကြိမ်ချောင်းကျေးရွာအုပ်စု ကုလားဘိုကျေးရွာကို ပြေးဆွဲနေတာဖြစ်ပြီး မတ်လ၁ရက်နေ့မနက်၃နာရီအချိန်ကမြောင်းမြမြို့က တင်ဆောင်လာတဲ့ဘိလပ်မြေ အိတ်၁၀၀ကို ပြင်ရွာဆိပ်ကမ်းမှာ ချပေးဖို့ဆိုက်ကပ်စဥ်မှာ နစ်မြုပ်သွားတာလို့သိရပါတယ်။
“ရှပ်ပြေးဆိုပေမယ့်လိုင်းကောင်အသေးစားပါ သူက ဘိလပ်မြေ တွေရော ဓါတ်မြေသြဇာအိတ်တွေရောဆီပေပါတွေရောတအားတင်လာတာမြုပ်တဲ့အချိန်ကမနက် အစောကြီး ဆိုတော့ အော်သံတွေကြားမှ လူတွေကသိရတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ရေယာဥ်ပေါ်မှာ ရေယာဥ်လုပ်သားနဲ့ခရီးသည် (၁၁)ဦးပါရှိပြီး ၈ဦးကယ်ဆယ်နိုင်ခဲ့ပြီး၊မနှင်းလဲ့ဝေ (၃၃)နှစ်၊ ဒေါ်သန်းသိန်း (၆၀)နှစ် နဲ့ ကလေးငယ်၂ဦးမှာ မောင်ဇွဲမာန်အောင် (၆)နှစ်နဲ့ မခက်စစ်မာန်(၂)နှစ်တို့မှာမတ်လ၂ရက်နေ့လည် ပိုင်းထိရှာဖွေမတွေ့ရသေးပဲပြင်ရွာဒေသခံတွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေဆက်လက်ရှာဖွေနေကြတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဓါတ်ပုံ – လှိုင်းရာဇာ၂ရေယာဥ်မနစ်မြုပ်ခင်ကမြောင်းမြမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားစဥ်
#မြောင်းမြ #လှိုင်းရာဇာနှစ် #နှစ်မြုပ်ပြီး #လေးဦးပျောက်ဆုံး #Ayeyarwaddy_Times