ဧရာဝတီတိုင်းမ်
(မင်းလှ)၊ မတ်လ ၂ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ မင်းလှ-မြို့ချောင်းလမ်း၊ ခါချဉ်တောင်အနီးတွင် ယနေ့မတ်လ ၂ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်၌ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်အရှေ့ဘက်တွင် ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးရန်တက်လာသည့် ကား ၃ စီးပါစစ်ကောင်စီယာဉ်တန်း မှာ ခါချဉ်တောင်အနီးလမ်းပိုင်းတစ်နေရာတွင် ကားတစ်စီးတိမ်းမှောက်ပြီး ချောက်ထဲထိုးကျခဲ့ရာ တပ်သား ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“သူတို့(စကစ)တွေက ပဲခူးရိုးမထဲစစ်ကြောင်းထိုးလာတာလေ။ ခါချဉ်ဝောာင်နားမှာ ကားတစ်စီးကချောက်ထဲထိုးကျခဲ့တာ။ မနေ့ထဲကနေ အဲ့စစ်ကြောင်းက မင်းလှမြို့ထဲရောက်နေတာ။ စိန်ကန့်လန့်တပ်ထဲမှာလည်း အင်အား ၁၀၀ ဝန်းကျင်ရှိတယ်။အခုထိအဲ့ မြို့ချောင်းလမ်းပိုင်းမှာ စစ်ကား ၂ စီးရပ်နေသေးတယ်။ မထွက်ရသေးဘူး။” ဟု မင်းလှဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယခုအခါတွင် စိန်ကန့်လန့်-မြို့ချောင်းလမ်းပိုင်းအား ပြည်သူများအားဖြတ်သန်းခွင့် မပြုဘဲ ပိတ်ဆို့ထားပြီး ကျန်ရှိသည့်စစ်ကား ၂ စီးမှာလည်း ယာဉ်တိမ်းမှောက်သည့်ဘနေရာတွင်ပင် ရှိသေးကြောင်း ဒေသခံများ ထံမှ သိရပါသည်။
သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များမှတစ်ဆင့်စစ်ကောင်စီတပ်များမှာ ပဲခူးရိုးမအတွင်းစစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေပြီး မင်းလှမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၄ ရက်ကလည်း စစ်ကောင်စီတပ်အား ရိုးမအတွင်းလမ်းပြပေးနေသည့် ရာအိမ်မှူးစိုးနိုင်ဆိုသူအား သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် မင်းလှ(ပကဖ)မှ ပူးပေါင်းရှင်းလင်းခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
#မင်းလှ #စစ်ကောင်စီကားခြောက်ထဲကျ #ငါးဦးသေဆုံး #Ayeyarwaddy_Times