ဧရာဝတီတိုင်းမ်
မတ်လ ၂ ရက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ရှေ့ကင်းထွက်လာသည့် စစ်ကောင်စီတပ်ကို မတ်လ၁ရက် နေ့လယ်ပိုင်းက ဒေသခံ ကာကွယ်ရေးအဖွဲ့ဖြစ်သည့် Khin U Specialforce Organization -KSO အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ဦး သေဆုံးကြောင်း သိရသည်။
ခင်ဦးမြို့နယ်အနောက်ခြမ်း သရက်ပင်စုကျေးရွာတွင် ၃ ညအိပ်၍ ယာတော်ကျေးရွာကို စစ်ကြောင်းထိုးရန် ရှေ့ကင်းထွက်လာသည့် စစ်ကောင်စီတပ်သား ၁၀ဦးကို မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KSO အဖွဲ့ထံက သိရသည်။
“သူတို့က ကျွန်တော်တို့ဆီဝင်နေတာ တစ်ပတ်လောက်ရှိနေပြီ။ သရက်ပင်စုရွာကနေ ယာတော်ကျေးရွာထဲကိုလာဖို့အတွက် ခြေလျင်ကင်းထောက်ထွက်လာတဲ့ စစ်ကောင်စီ တပ်သား ၁၀ ယောက်ကိုလမ်းတွင် မိုင်းနဲ့တိုက်ခိုက်တာ ၅ ယောက်သေတယ်။ ကျန်တဲ့ ၅ယောက်နဲ့ နောက်ထပ် စစ်ကူတွေရောက်လာပြီး ကျွန်တော်တို့ ရဲဘော်တွေကို ဝိုင်းပိတ်ပြီး ပစ်ခတ်ကြတာကြောင့် ရဲဘော်တွေနဲ့ အဆက်သွယ်ခဏပြတ်သွားခဲ့ပေမယ့် အထိခိုက်မရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်တွေက ပိတ်ပြီး ပစ်ခတ်ကြတဲ့အတွက်ကြောင့် ရဲဘော်တစ်ဦး နှလုံးအားနည်းပြီး အမောဖောက်တဲ့ ပုံစံဖြစ်တာကြောင့်ဆေးကုနေရတယ်” ဟု Khin U Specialforce Organization -KSO အဖွဲ့၏ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သည် ယနေ့ မတ်လ ၂ ရက်နေ့တွင် ယာတော်ကျေးရွာကိုဖြတ်၍ ကျွန်းတောကြီး ကျေးရွာကို လက်နက်ကြီးငယ်များဖြစ် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းနေ၍ နောက်ထပ်မစ်ရှင်များ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြရန် KSO အဖွဲ့၏ပြန်ကြားရေးတာဝန်ရှိသူက ဆိုထားသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်းတွင် ကျေးရွာများကို နေ့စဉ် ဝင်ရောက်စစ်ကြောင်းထိုးကာ လက်နက်ကြီး၊ လက်နက် ငယ်များပစ်ခတ်နေကြောင်းသိရသည်။
ထို့ပြင် ဒေသခံပြည်သူများ၏ ဆန်ဆီအစရှိသည်များကို လုယက်၍ ကျေးရွာများကို မီးတင်ရှို့နေသောကြောင့် စစ်ဘေးရှောင်ပြည်သူများ များပြားလာကာ အခက်ခဲများစွာ ကြုံတွေ့ လျှက်ရှိကြောင်း ဒေသခံများက ဆိုသည်။
#စစ်ကိုင်းတိုင်း #ခင်ဦးမြို့နယ် #စစ်ကောင်စီတပ် #ရှေ့ကင်း #မိုင်းဆွဲ #၅ဦးသေ #Ayeyarwaddy_Times