ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၈ ရက်
ဧရာဝတီတိုင်းတွင် တစ်လခွဲအတွင်း ဆန်အကြမ်း (ဆင်းသုခ)ဈေးနှုန်းမှာ ၂၀၀၀၀ ကျပ် အထိ မြင့်တက်သွားလာသဖြင့် အခြေခံလူတန်းစားအများစု စားဝတ်နေရေး ပိုမိုခက်ခဲလာကြောင်း သတင်းရရှိသည်။
ယခင်ဆန်စပါးအသစ် စပေါ်ကာစတွင် ဆင်းသုခ ဆန်ဈေးမှာ ၄ သောင်းကျော် ဝန်းကျင်သာရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့ကစပြီး ဈေးတက်လာခဲ့ရာ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဆင်းသုခ ဆန်ဈေး (အသစ်)မှာ ၆၅၀၀၀ ကျပ်ဖြစ်ကာ ဆန်အဟောင်းမှာ ၇၀၀၀၀ ကျပ်အထိ ဈေးမြင့်တက်သွားကြောင်းဒေသခံများထံမှ သိရသည်။
“ဆန်အသစ် ပေါ်ကစက ၄ သောင်းကျော်၊ အခု ဆန်အကြမ်း (ဆင်းသုခ) ဈေးက ၆၅၀၀၀ ဖြစ်သွားပြီး၊နောက်ဆို ပိုပြီးတက်မယ်လို့တောင် ပြောနေတယ်၊ မိုးတွင်းဆိုရင် ဆန်ဈေးက ဒီထက်ပိုဆိုးနိုင်တယ်၊ အရင်က အခုလို ပဲပေါ်ချိန်ဆို မတ်ပဲ ၁ တင်းရောင်းလိုက်ရင် ဆန်တစ်အိတ်နဲ့ ဆီ ၄ ပိဿာဝယ်စားလို့ရတယ်၊ အခုက မတ်ပဲတစ်တင်းရောင်းရင် ဆန်အကြမ်းတစ်အိတ်တောင် ဝယ်စားလို့မရတော့ဘူး။အလုပ်အကိုင်တွေက မရှိရတဲ့ကြားထဲ ဆန်ဈေးက အဲ့လောက်တက်နေတော့ ရှေ့ဆက် ဘာလို ဆက်သွားရမလဲစဉ်းစား မရဘူး”ဟု ကျောင်းကုန်းမြို့နယ် အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စပါးဈေးနှုန်းမှာ မြင့်တက်လာသော်လည်း ရောင်းမည့်သူမရှိခြင်း၊ စပါးများ ရှားပါးလာခြင်းများကြောင့် ယခုလို ဆန်ဈေး နှုန်းတက်လာရခြင်းဖြစ်ကြောင်း နယ်ခံဆန်စပါးကုန်သည်တစ်ဦးထံမှသိရသည်။
“လက်ရှိမှာ စပါးဈေးက ဆင်းသုခတင်း ၁၀၀ ကို ၁၇ သိန်းအထိ ပေးဝယ်တာတောင် ရောင်းမည့်သူမရှိဘူး၊ လှောင်တဲ့သူတွေဘဲများတယ်၊ ထုတ်ရောင်းမည့်သူမရှိဘူး၊ စပါးတွေ ရှားလာတော့ ဆန်ဈေးတက်လာတာ”ဟု ဓနုဖြူမြို့နယ်ရှိ ဆန်စပါးကုန်သည်တစ်ဦးက ဧရာဝတီတိုင်းကိုပြောသည်။
အခြားဆန်များဖြစ်သည့် ရွှေဘို၊ ပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်နှင့် ဧရာဝတီပေါ်ဆန်းမှာကျပ် ၉၀၀၀၀ နီးပါးဈေးဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
မြန်မာနိုင်ငံမှ ဆန်ပြည်ပတင်ပို့မှုများ ဆက်တိုက်ရှိနေသည့်အတွက် ရန်ကုန်မြို့မှ ပြည်ပသို့ ဆန်တင်ပို့သူ ကုန်သည်ကြီးများမှာ စပါးစပေါ်ချိန် ၂၀၂၂ ခုနှစ် အောက်တိုဘာလကတည်းက ဧရာ၀တီတိုင်းမှ စပါးများကို အလုံးအရင်းနှင့်ဝယ်ယူနေသည့်အတွက် စပါးစျေးမြင့်တက်ကာ လယ်သမားများ စျေးကောင်း ရခဲ့သလို နောက်ဆက်တွဲအဖြစ် ဝယ်လိုအားများသည့် ဆန်စျေးနှုန်းများလည်း မြင့်တက်လာခြင်းဖြစ်ကြောင်း ဧရာ၀တီတိုင်းမှ ဆန်စပါးကုန်သည်များက ပြောဆိုသည်။
#ဧရာဝတီ #ဆန် #အကြမ်း #၂သောင်း #အခြေခံလူတန်းစား #အခက်တွေ့
#Ayeyarwaddy_Times