ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၈ ရက်

ရခိုင်ပြည်နယ်အတွင်း ခိုးမှု၊ လုယက်သတ်ဖြတ်မှု အများဆုံးဖြစ်ပွားနေသည့် မြို့နယ်များသည် စစ်ကောင်စီက အပြည့်အဝထိန်းချုပ်ထားသည့် မြို့နယ်များဖြစ်ပြီး စစ်ကောင်စီက ဖော်ထုတ်အရေးယူနိုင်မှုမရှိသည်မှာ နိုင်ငံရေးပယောဂများပါဝင် ပတ်သက်မှုကြောင့် ဖြစ်နိုင်သည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် စစ်တွေမြို့နှင့် တောင်ကုတ်မြို့နယ်တို့၌ ခိုးမှု၊လုယက်မှုများအပြင် လူသတ်မှု များကိုပါကျူးလွန်နေပြီး ကျူးလွန်သူများကို တစ်စုံတစ်ရာဖော်ထုတ် အရေးယူ နိုင်ခြင်းမရှိသည့်အတွက် ဒေသခံပြည်သူများက လက်နက်ကိုင် နှစ်ဖက် အဖွဲ့အစည်းများအပေါ် ဝေဖန်မှုများရှိနေသည်။

“ရခိုင်မှာ အစိုးရ နှစ်ရပ်ကအုပ်ချုပ်နေသလို ဖြစ်နေတော့ ပြသာနာတစ်ခုဖြစ်ရင် ဘယ်အဖွဲ့ကို တိုင်ရမှန်းမသိဘူး။ ဘယ်အဖွဲ့ကမှ လုပ်ဆောင်ပေးတာလည်းမရှိသေးတော့ ကျူးလွန်သူတွေကပိုဆိုးလာတယ်။ အဓိက နှစ်ဖက်လက်နက်ကိုင်အဖွဲ့ကြားမှာ ဒုစရိုက်သမားတွေက အခွင့်ရေးရသလိုဖြစ်နေတာပေါ့” ဟု တောင်ကုတ်ဒေသခံလူငယ် တစ်ဦး က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဦးခိုင်သုခက ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ် နယ်မြေအတွင်းရှိ အမှုများကို ဖော်ထုတ်အရေးယူမှုများ လုပ်ဆောင်ပေးနေပြီး ၎င်းတို့ ထိန်းချုပ်မှုမသက်ရောက်သည့် နေရာများတွင်မူ စစ်ကောင်စီ၌ တာဝန်ရှိကြောင်း ပြောဆိုသည်။

“စစ်တွေတို့၊ တောင်ကုတ်တို့ဆိုတာက စစ်ကောင်စီက အဓိက ထိန်းချုပ်နေတဲ့ နေရာတွေပါ။အဲဒီနေရာတွေမှာ ULA/ AA ရဲ့ ထိန်းချုပ်မှု၊သြဇာသက်ရောက်မှုနည်းတယ်။ အခုဖြစ်နေတဲ့နေရာက မြန်မာစစ်တပ်(စစ်ကောင်စီတပ်) က ထိန်းချုပ်ထားတဲ့ နေရာတွေ ဖြစ်ပြီး မဖော်ထုတ်နိုင်ခြင်းအပေါ် မေးခွန်းထုတ်စရာ ကိစ္စတွေလည်း ရှိလာတယ်။ ကျွန်တော်တို့ ထိန်းချုပ်ထားတဲ့နယ်မြေထဲမှာဆိုရင် ဒုစရိုက်မှုတွေကို အချိန်မနှောင်းဘဲ ရက်ပိုင်းအတွင်းမှာတင် ဖော်ထုတ်နိုင်တာတွေ အများကြီးပါ။။ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ နယ်မြေတွေက အမှုတွေကို လုပ်ဆောင်ပေးဖို့အတွက် ကျွန်တော်တို့မှာ အကန့်အသတ်တွေ ရှိနေပါတယ်။ သို့သော် ULA/ AA အနေနဲ့တာဝန်မရှိဘူးလားဆိုတော့ တာဝန်ရှိပါတယ်။ ဒါပေမဲ့ ဒီဒုစရိုက်မှုတွေက သမားရိုးကျဖြစ်ရိုး၊ ဖြစ်စဉ်မဟုတ်ဘဲ နောက်ကွယ်က ကြိုးကိုင်ပြီး လုပ်နေတဲ့ကိစ္စတွေဖြစ်တယ်လို့ ကျွန်တော်တို့ဖက်က သုံးသပ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေကိုလုပ်နေပါတယ်” ဟုဦးခိုင်သုခက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာ၌ ဖြစ်ပွားခဲ့သည့် ဓားပြမှုတွင် ကျူးလွန်သူများအား ULA/ AA တပ်ဖွဲ့ဝင်များက ရက်ပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးကာ အရေးယူမှုများလုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း ဦးခိုင်သုခက ပြောကြားခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ဒုစရိုက်ကျူးလွန်မှု များပြားလာနေပြီး ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိခဲ့သည့်အတွက် ယခုနှစ်အတွင်း ပိုမိုဆိုးဝါးလာသည်ဟု ဒေသခံပြည်သူများက ထောက်ပြပြောဆိုသည်။

#ရခိုင်ပြည်နယ် #စစ်တွေ #တောင်ကုတ် #ဒုစရိုက်မှု #စစ်ကောင်စီတပ် #နိုင်ငံရေးပယောဂ #Ayeyarwaddy_Time