နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ) /ဖေဖော်ဝါရီလ ၂၈ ရက်
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က မြို့တွင်း လှည့်လည်နေသည့် စစ်ကောင်စီတပ်သည် ညနေပိုင်းတွင် ကြေးမုံရွာနှင့် မုံရွေးရွာ အတွင်းသို့ သေနက်များပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံများအား နိုင်ငံရေး လုပ်ဆောင်သူများဟု စွပ်စွဲကာ လူငယ် အယောက် ၃၀ ကျော်ကို ဖမ်းဆီးသွားကြောင်း သိရသည်။
မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ ထွက်လာသည့် စစ်ကောင်စီတပ် သည် ယမန်နေ့ နံနက် ၁၀ နာရီခန့်က မုံရွာမြို့ပေါ်တွင် ကင်းပတ်ပြီးနောက် ကြေးမုံရွာနှင့် မုံရွေးရွာများကို စစ်ကြောင်း နှစ် ကြောင်း ခွဲဝင်လာပြီး သေနက်များ ပစ်ဖောက်၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“ ဒေသခံတွေ အားလုံး ထွက်ပြေးကြရတာ။ ပြီးတော့ ဆန္ဒပြတဲ့သူတွေဆိုပြီး အကုန်လိုက် ဖမ်းသွားတာ အယောက် ၃၀ ကျော်လောက်သူတို့နောက်ပါသွားတယ်။ မြို့ပေါ်က ဖမ်းလာတဲ့သူတွေကော ရွာကလူငယ်တွေကောဖမ်းသွားတာ” ဟု အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း မုံရွာမြိုနယ်အနီးတဝိုက်နှင့် မုံရွာမြစ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်း၍ ကျေးရွာများမှ လူငယ်များကို လိုက်လံ ဖမ်းဆီးလျှက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
#စစ်ကိုင်းတိုင်း #မုံရွာမြို့ #မုံရွေး #ကြေးမုံ #စစ်ကောင်စီတပ် #လူငယ်၃၀ #ဖမ်းဆီး #Ayeyarwaddy_Time