ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၈ရက်
စစ်ကိုင်းတိုင်း၊ ရေဦး-ခင်ဦးလမ်းတွင် ကင်းထောက်ထွက်လာသော ကာကွယ်ရေး ရဲဘော် နှစ်ဦးသည် ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီ တပ်များနှင့်ထိပ်တိုက်တွေ့ဆုံ၍ အပြန်အလှန်ပစ်ခတ်ရင်း ကျဆုံးခဲ့ကြောင်း သိရသည်။
ကင်းထောက်ထွက်လာသည့် ကာကွယ်ရေး ရဲဘော်နှစ်ဦးသည် ရေဦးဘက်မှနေ၍ မြင်းဒေါင်းကျေးရွာအရှေ့ဘက် မူးတိမ်ချောင်းတံတားတွင် ရိက္ခာအပို့အယူလုပ်ရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်နှင့် မြင်းဒေါင်းနှင့်မန်ကျည်းအုပ် ကြားတွင် ထိပ်တိုက်တွေ့ကာ အပြန်အလှန်ပစ်ခတ်ရင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း Khin U Specialforce Organization-KSO အဖွဲ့ထံက သိရသည်။
“သူတို့ စစ်ကြောင်းက ခင်ဦးမြို့အနောက်ဖက်ကို ထိုးဝင်တာ ကြာနေပြီ။ ရွာသစ်ကုန်း ပျူရွာနဲ့အနီးဆုံးမှာရှိတဲ့ မြင်းဒေါင်းကျေးရွာမှာ လုံခြုံရေးယူနေတာပါ။ မြင်းဒေါင်း ကျေးရွာ အရှေ့ဘက်မူးတိမ်ချောင်းတံတားမှာ ရိက္ခာအပို့အယူ လုပ်နေကြလို့ လုံခြုံရေး ချထားတာ။ ကျွန်တော်တို့ ကာကွယ်ရေးရဲဘော် နှစ်ယောက်က ကင်းထောက်ထွက်ရင်း သူတို့နဲ့ထိပ်တိုက်တွေ့ပြီးအပြန်အလှန်ပစ်ခတ်တာ။ အဲ့ဒီမှာကျဆုံးခဲ့ပါတယ်“ ဟု KSOအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံကဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျဆုံး ကာကွယ်ရေးရဲဘော် နှစ်ဦးသည် အသက်၃၀အရွယ်နှင့် အသက်၅၀ ဝန်းကျင်ရှိသူများဖြစ်ပြီး ခင်ဦးနယ်တွင် ပြည်သူနှင့်ရဲဘော် ကျဆုံးမှု ၂၅၀ ကျော်ရှိပြီ ဖြစ်ကြောင်း KSOအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံထံက သိရသည်။
“ သူတို့(စစ်ကောင်စီတပ်)က ကာကွယ်ရေးရဲဘော်တွေ ပါလာတဲ့ သေနတ် နှစ်လက်ကို ယူသွားပြီး အလောင်းကို အဲ့ဒီအတိုင်းထားခဲ့တယ်။ ကျွန်တော်တို့ သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ယူဆောင်ပြီး ညနေပိုင်းမှာ ရဲဘော် နှစ်ဦးကို သင်္ဂြိုဟ်ပေးခဲ့တယ်။ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ကျေးရွာ အတော်များများကို ဖျက်ဆီးမှုတွေလုပ်လာတယ်။ စစ်တပ်(စစ်ကောင်စီတပ်)ရဲ့ လုပ်ရပ် တွေကို အဆုံးသတ်ဖို့ ကျွန်တော်တို့အားလုံးက အဆပေါင်းများစွာနဲ့ပြိုင်တူ ကြိုးစား သင့်ပါပြီ”ဟု KSO ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ခြေလျင်စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သား ၁၀၀ခန့်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ-၂၆ရက်နေ့ နေ့လယ်ပိုင်းက အိမ်ခြေ ၄၀၀ ခန့်ရှိ တဲစုကျေးရွာအတွင်း လက်နက်ကြီးငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ကာ ပြည်သူနေအိမ် ၁၈လုံးနှင့် ကျေးရွာလျှပ်စစ်ထရမ်စဖော်မာတို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ ထံကသိရသည်။
#စစ်ကိုင်းတိုင်း # ရေဦး-ခင်ဦးလမ်း #ကင်းထောက်ရဲဘော်၂ဦး #စစ်ကောင်စီတပ် #ပစ်ခတ် #ကျဆုံး #Ayeyarwaddy_Times