ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စီးပွါးရေးဘဏ်တွင် အထိုင်ချတပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ ညနေပိုင်းက အလစ်ငိုက် တိုက်ခိုက်ခဲ့ကြောင်း People’s Army To Fight Dictatorship(PAFD)အဖွဲ့ထံမှ သိရသည်။
ဖေဖော်ဝါရီ ၂၇ ရက်၊ ညနေ ၆ နာရီခန့်က အဆိုပါဘဏ်တွင် အထိုင်ချတပ်စွဲထားသည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ငယ်များဖြင့် PDF ပူးပေါင်းတပ်ဖွဲ့များက အလစ်ငိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ဘဏ်ရုံးထဲမှာ သူတို့က(စကစ) ၁၀ ကောင်လောက်ရှိတယ်။ ဘေးမျက်နှာချင်းဆိုင်ထဲက အ.ထ.က(၁) ကျောင်းထဲမှာ အကောင် ၂၀ လောက် ရှိတယ်ပေါ့။ အဲဒီဘဏ်ရုံးက နှစ်ထပ်ဗျ။ အပေါ်မှာ ဘန်ကာတွေ တင်ထားတယ်။ စကစကကောင်တွေ ဝရံတာမှာ လျှောက်သွားနေတဲ့အချိန်မှာ လှမ်းပြီးတော့ ပစ်တာ” ဟု PAFD အဖွဲ့မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ထိုတိုက်ခိုက်မှုတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ယင်းအချိန်၌ပင် အ.ထ.က (၁) စာသင်ကျောင်းထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်ပစ်ဗုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးဖြင့်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကိုမူ မသိရှိရသေးကြောင်းနှင့် PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ဘေးကင်းလုံခြုံစွာ ဆုတ်ခွါနိုင်ခဲ့ကြောင်း People’s Army To Fight Dictatorship(PAFD)အဖွဲ့ထံမှ သိရသည်။
“ညတော်တော်မိုးချုပ်တဲ့ အချိန်ထိအောင် သူတို့(စကစ)တွေက ပြန်လည်ရမ်းသမ်း ပစ်နေကြတယ်လို့ ကျွန်တော်တို့ သတင်းရတယ်ဗျ။ အခုတော့ လိုက်ပြီးဖမ်းတာဆီးတာ မရှိသေးဘူး။ အရင်တစ်ခေါက်တုန်းက အပြစ်မဲ့ပြည်သူတွေကို သူတို့(စကစ) သတ်တယ်၊ လန့်ပြီးပစ်သတ်တယ်” ဟု PAFD အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို People’s Army To Fight Dictatorship(PAFD).တပ်ခွဲ DK PDF(MMU) ၊ People’s Knight Defense Force Myinmu(PKDF.MMU) ၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ က ဖ TAUNGTHA People Defense Force(TTAPDF) ၊ D.B.B.F.MMU မဟာမိတ်အဖွဲ့များမှ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်ကလည်း မြင်းမူမြို့ပေါ်ရှိ စျေးကွေ့အနီးတွင် အပြစ်မဲ့ပြည်သူများဖြစ်သည့် အသက် (၂၂) နှစ်အရွယ်နှင့် အသက် (၅၀)နှစ်ကျော်အရွယ်ရှိ အမျိုးသား ၂ ဦးကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ပစ်သတ်သွားကြောင်း သိရသည်။
#မြင်းမူ #မြန်မာ့စီးပွားရေးဘဏ် #တပ်စွဲ #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ
#Ayeyarwaddy_Times