ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၈ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက နေအိမ် တွေကို ဧည့်စာရင်းလိုက်လံစစ်ဆေးပြီး လူပို့တွေ့ရင် ငွေ ၁၀၀၀၀ ကျပ် ဒဏ်ရိုက်တာမျိုးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အမှတ် ၁၃ ရပ်ကွက်အတွင်းကိုလည်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဧည့်စာရင်းဝင်စစ်ဆေးပြီး ဧည့်စာရင်း မတိုင်ထားတဲ့ လူပို့တွေ့တဲ့အခါ ဓါတ်ပုံရိုက်ပြီး ငွေ ၁၀၀၀၀ တောင်းတာမျိုးတွေ ပြုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ခုကတော့ လုပ်ချင်တိုင်း လုပ်နေတာ ခံနေရတာပါပဲ၊ ဧည့်စာရင်းသွားတိုင်ရင်လည်း ပေးရတယ်၊ မတိုင်လို့ မီရင်တော့ ပိုပေးရတယ်၊ ကိုယ်အိမ် ကိုယ်နေပြီး လုံခြုံမှုမရှိသလို ခံစားလာရတယ်”လို့ အသက် ၃၀ ကျော် အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ဧည့်စာရင်းစစ်တဲ့အခါမှာ ညပိုင်းဝင်စစ်ဆေးတာများပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ အရန်မီးသတ်တွေနဲ့ ပြည်သူ့စစ်တွေပါဝင်လာပြီး အရက်သေစာသောက်စားထားတာကြောင့် စစ်ဆေးတဲ့အခါ ဆဲဆိုကြိမ်မောင်းတာတွေလည်း ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ စစ်ကောင်စီတပ်သားတွေက အင်အားတွေကို မြို့ပေါ်မှာ ပြန်ရုပ်လာချိန်မှာ အရန်မီးသတ်တွေနဲ့ ပြည်သူ့စစ်တွေနဲ့ နေရာတော်တော်များများအစားထိုးအသုံးပြုပြီး အဲ့လူတွေက ပြည်သူတွေအပေါ် အနိုင်ကျင့် အာဏာပြတာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

#ပုသိမ် #စစ်ကောင်စီ #ဧည့်စာရင်း #လူပို #၁သောင်း #ဒဏ်ရိုက်
#Ayeyarwaddy_Times