ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဖေဖော်ဝါရီလ ၂၈ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပျူစောထီးကျေးရွာများမှ ပျူစောထီးအဖွဲ့ဝင်များသည် ပျူရွာများမှ ထွက်ခွာမှု များပြားနေပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း ပျူရွာများကို စွန့်ခွာ၍ ထွက်ခွာလာသူ ၁၀ ဦးနှင့်အထက်ရှိကြောင်း မြိုင်(ပကဖ)ထံက သိရသည်။

မြိုင်မြို့နယ်ရှိ ပျူစောထီးရွာများမှာ ကန်နီရွာ၊ ဝက်ပုတ်ရွာ၊ သရက်ကန်ရွာ အစရှိသည့် ရွာများ ဖြစ်ပြီး စစ်ကောင်စီတပ်၏ ထောက်ပံ့မှုအားနည်းလာခြင်းနှင့်အတူ ပျူရွာများအတွင်းရှိ လက်နက်ကိုင်ပျူစောထီးအဖွဲ့ဝင်မဟုတ်သည့် ဒေသခံများသည်လည်း ကျေးရွာ (ပျူရွာ) များမှ ရသည့်နည်းလမ်းများဖြင့် ထွက်ခွာလျက်ရှိရာ ယခုအခါတွင် အယောက် ၃၀၀ နှင့် အထက်ရှိပြီ ဖြစ်ကြောင်းသိရသည်။

“အဓိကကတော့ ရွာထဲမှာမနေချင်တော့တဲ့သူတွေပါ။ လက်နက်ကိုင်ပျူစောထီး မဟုတ်တဲ့ ဒေသခံတွေ ထွက်ခွာကြတာများတယ်။ သူတို့ကတခြားဒေသတွေမှာ အလုပ်သွားလုပ်မယ်ဆိုပြီး ကျွန်တော်တို့အဖွဲ့တွေနဲ့ချိတ်ပြီး ထွက်လာနေတာ။ အဲ့ဒီကနေ သက်ဆိုင်ရာအဖွဲ့စည်းတွေကနေတစ်ဆင့် သူတို့(ပျူ)သွားချင်တဲ့ ဒေသတွေကို ပို့ပေးတယ်။ အဲ့ဒီလိုမျိုးထွက်ကြတာကတော့ ၂၀၂၂ခုနှစ် ၉ လပိုင်းလောက်ထဲကပါ။ ဟိုတလောက ကျွန်တော်တို့သတိပေးပြီးနောက်ပိုင်း ပိုထွက်လာကြတာများတယ်” ဟု မြိုင်(ပကဖ)မှ ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယခုအခါ ပျူစောထီးကျေးရွာများတွင် လက်နက်ကိုင်ပျူစောထီးအဖွဲ့ဝင် အများစု သာကျန်ခဲ့ပြီး အဆိုပါအဖွဲ့ဝင်များမှာလည်း စစ်ကောင်စီဘက်မှလူအင်အားနှင့် လက်နက်ထောက်ပံ့မှုမရှိခြင်းကြောင့် ရွာတစ်ရွာလျှင် ပျူအဖွဲ့ဝင်အင်အား ၅၀ ဝန်းကျင်သာ ကျန်ရှိ၍ အင်အားနည်းပါးနေကြောင်း သိရသည်။

“ကျန်ခဲ့သူတွေကို စစ်သား(စစ်ကောင်စီတပ်သား)တွေကပေးမထွက်တာရယ်၊ လက်နက်ကိုင်တဲ့ ပျူတွေရဲ့ အမျိုးအဆွေရယ်ပဲကျန်တော့တယ်။ ပျူစောထီးအသစ်ခေါ်တာလည်းမရှိဘူး။ အရင်က ပျူတွေကလည်း တိုက်ပွဲအတွင်းသေကုန်တော့ အင်အားနည်းလာတယ်။ စကစ ဘက်က အင်အားထပ် တိုးပေးတာမရှိတော့ ပျူတွေလည်း အနည်းအကျဉ်းပဲ ကျန်ဝော့ာတယ်” ဟု ဗိုလ်လက်ယာက ဆိုသည်။

မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပျူကျေးရွာများမှ အလင်းဝင် ရောက်လာသည့် ဒေသခံပျူ‌စောထီး များကို သေချာစိစစ် လက်ခံပေးသွားမည်ဖြစ်ပြီး အလင်းဝင်ခြင်း မဟုတ်ဘဲ ဖမ်းဆီးရမိခဲ့ပါက ကျဆုံးခဲ့သည့် ရဲဘော်များနှင့် ထိခိုက် ဒဏ်ရာရရှိခဲ့သည့် ရဲဘော်များ၏ သွေးကြွေးအတွက် ပြန်လည်တောင်းခံသွားမည်ဟု သတိပေးထုတ်ပြန် ထားသည်။