ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်
အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များ တပ်ရင်းအလိုက် ပုန်ကန်လာမည်ကို စိုးရိမ်သောကြောင့် စည်းကမ်းရှိရန်နှင့် အမိန့်နာခံကြရန် လေသံပျော့ဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လိုက်လံပြောဆို ချော့မော့ နေရကြောင်း တပ်မတော်သား CDM အရာရှိများနှင့် လေ့လာသုံးသပ်သူများက ဆိုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ ၎င်းလက်အောက်ခံ စစ်သား၊ မိသားစုများနှင့် သွားရောက်တွေ့ဆုံရာတွင် စစ်စည်းကမ်းသည် စစ်တပ်၏ ကျောရိုးဖြစ်၍ စည်းကမ်းလိုက်နာမှုရှိပြီး အမိန့်နာခံမှုရှိမှသာလျှင် စစ်သားကောင်း တစ်ယောက် ပီသမည်ဖြစ်ကြောင်း ပြောဆို ခဲ့သည်။
“ဒီလိုတွေ လိုက်ပြောနေတာဟာ တပ်ရင်းအလိုက် စစ်ပုန်ကန်မှုတွေ ပေါ်ပေါက်လာမှာ စိုးရိမ်လိုဆိုတာ သေချာပါတယ်။ အာဏာဖီဆန်မှုနဲ့ စစ်ပုန်ကန်မှုဆိုတာ စစ်တပ်မှာ အဆိုးဆုံး ပြစ်မှုတွေပါ။ အာဏာဖီဆန်မှုဆိုတာ အထက်ကပေးတဲ့ စစ်ချီစစ်တိုက် အမိန့်တွေကို လိုက်မလုပ်တဲ့အမှုကိုပြောတာ။ ကရင်ပြည်နယ်အတွင်းက တပ်ရင်း တချို့မှာ ဒီလိုဖြစ်စဉ်တွေ ဖြစ် ထားတယ်” ဟု CDM ဗိုလ်ကြီးဗစ်တာက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်အနေဖြင့် နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အမိန့်နာခံမှုရှိခြင်းသည် အလွန်အရေးကြီးပြီး စည်းကမ်း ကောင်းမွန်ရန်လည်း လိုအပ်မည် ဖြစ် ကြောင်းနှင့် စည်းကမ်းကောင်းမွန်ခြင်းသည် အမိန့်နာခံမှုရှိခြင်းပင်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထိုပြင် စည်းကမ်းများ ထုတ်ပြန်ထားရှိခြင်းသည် မည်သည့်လုပ်ငန်းကိုမဆို စည်းစနစ်တကျ ဆောင်ရွက်တဖတ်စေရန်နှင့် မဖြစ်သင့်သည်များကို မဖြစ်စေရန် ထုတ်ပြန် ထားခြင်းဖြစ်ပြီး အကြောင်းမဲ့တင်းကျပ်ထားခြင်း မဟုတ်သည်ကို နားလည်သဘော ပေါက်ရန်လိုကြောင်း၊ စည်းကမ်းလိုက်နာခြင်းဖြင့် မိမိကိုယ်ကို မြှင့်တင်ရမည် ဖြစ်ကြောင်းနှင့် မိမိအရည်အသွေးကို အမြဲ ထက်မြက်နေစေရန် ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“စစ်ပုန်ကန်မှုဆိုတာကျတော့ အာဏာဖီဆန်ယုံတင်မကဘဲနဲ့ အထက်အရာရှိကိုပါ ရန်ပြုတာမျိုးပေါ့။ ပြင်ဦးလွင်မှာ အောက်ခြေစစ်သားက ဒုဗိုလ်မှူးကြီးကို ပစ်သတ်လိုက်တဲ့ ဖြစ်စဉ်မျိုး ဟာ စစ်ပုန်ကန်မှုပါ။ ဒီဖြစ်စဉ်တွေအပေါ် သုံးသပ်ရရင် တပ်ရင်းအလိုက်ဆိုရင် အမိန့်မနာခံတာမျိုးတွေ ဖြစ်လာနေပြီ။ အမိန့်မနာခံမှုထက် ပိုဆိုးတဲ့ စစ်ပုန်ကန်မှုတွေ တစ်ဦးချင်း Level မှာ ဖြစ်လာနေပြီ။ တပ်ရင်းအလိုက်သာ စစ်ပုန်ကန်မှုတွေ ဖြစ်လာခဲ့ရင် စစ်တပ်ပျက်ပြီပဲ” ဟု CDM ဗိုလ်ကြီးဗစ်တာက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း ကရင်ပြည်နယ်၊ KNU တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင်၊ မဲသလောက် စစ်အခြေစိုက်စခန်းကို KNLA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့သဖြင့် ပြန်လည်တိုက်ယူရန် အမှတ် (၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၈)တပ်မှူး ဗိုလ်မှူးချုပ် အေးမင်းဦးက အမိန့်ပေးမှုအပေါ် အမှတ် (၄၀၃) ခြေမြန်တပ်ရင်း (ခမရ-၄၀၃)မှ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး အပါအဝင် ဗိုလ်မှူး ၃ ဦးက ငြင်းဆန်ပုန်ကန်ခဲ့ကြောင်း စစ်ကောင်စီ တပ် အသိုင်းအဝိုင်းကသိရသည်။
အမှတ် (၄၀၃) ခြေမြန်တပ်ရင်း (ခမရ-၄၀၃)သည် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့အခြေစိုက် တပ်ရင်းဖြစ်ကာ ကရင်ပြည်နယ်၊ KNU တပ်မဟာ (၅) နယ်မြေတွင် ရှေ့တန်းတာဝန် ချထားခံရပြီး အမိန့်မနာခံဘဲ စစ်တိုက်ရန် ငြင်းဆန် ပုန်ကန်ခဲ့သူများမှာ ခမရ(၄၀၃) တပ်ရင်းမှ ယာယီတပ်ရင်းမှူး စစ်တက္ကသိုလ်(DSA အမှတ်စဉ် ၄၆ ဆင်း) ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုး မောင်၊ ဒုတပ်ရင်းမှူး (DSA အမှတ်စဉ် ၄၇ ဆင်း) ဗိုလ်မှူး သန်းနိုင်အေး၊ တပ်ခွဲမှူး (DSA အမှတ်စဉ် ၄၈ ဆင်း) ဗိုလ်မှူး နိုင်နိုင်ဇော်တို့ဖြစ်ကြောင်း သိရသည်။
“အကြမ်းဖက်တပ်မှာ တပ်တွင်းပုန်ကန်မှုတွေ၊ အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေတာ ကျွန်တော်တို့ ကြားသိရပါတယ်။ ဒါ့အပြင် ရှေ့တန်းစစ်မြေပြင်မှာ အခြားအဆင့်နဲ့ အရာရှိငယ်တွေကို ကောင်းကောင်းကွပ်ကဲလို့ မရတာတွေလည်း ကြားသိရပါတယ်။ အောက်ခြေစစ်သားတွေအနေနဲ့ သေမထူး၊ နေမထူးဇာတ်ခင်းပြီး စစ်မြေပြင်မှာ ထင်ရာစိုင်းတယ်။ မီးရှိ့လူသတ်၊ မုဒိန်းကျင့်၊ ပြည်သူ့ပစ္စည်း အဓမ္မ ယူငင်တာတွေက ထိန်းမရအောင် ဖြစ်လာတယ်။ ဒီအခြေအနေတွေကိုလည်း ပြည်သူ့ဘက်တော်သားတွေက သေချာမှတ်တမ်းတွေ ရယူထားပြီး နိုင်ငံတကာတရားရုံး၊ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာအဖွဲတွေ၊ မီဒီယာတွေကို ရောက်အောင် ပိုပေးနေတဲ့အတွက် ဒီလုပ်ရပ်တွေဟာ မအလနဲ့ အကြမ်းဖက် စစ်ခေါင်း ဆောင်တွေ လည်ပင်းကိုစွပ်မယ့် ကြိုးကွင်းတွေ ဖြစ်လာနေတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
လက်ရှိတွင် အမိန့်မနာခံဘဲ စစ်တိုက်ရန် ငြင်းဆန်ပုန်ကန်ခဲ့သည့် ခမရ(၄၀၃) တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး အပါအဝင် ဗိုလ်မှူး ၃ ဦးကို မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)တွင် ယခုလ ဒုတိယအပတ်အတွင်းမှ စတင်၍ စစ်ခုံရုံးဖွဲ့ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု စစ်ကောင်စီ တပ်အသိုင်းအဝိုင်းမှ သိရသည်။
“ဒါမျိုးတွေကို အောက်ခြေငယ်သားတွေအပေါ် ကျူးလွန်ခွင့်မပြုပြန်ရင်လည်း ငယ်သား တွေက CDM လုပ်ပြီး ဘက်ပြောင်းကုန်မယ်။ ခွင့်ပြုပြန်တော့ ထိပ်ပိုင်းခေါင်းဆောင်တွေ အတွက် ကြိုးစင်တက်ရမယ့် အချက်အလက်တွေ ဖြစ်လာတော့ အလွန်အကျွံ မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းပဲ စည်းကမ်းရှိဖို့၊ အမိန့်နာခံဖို့သာ လေသံပျော့ပျော့နဲ့ ပြောနေရတဲ့ သဘောဖြစ် တယ်လို့ ယူဆပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုးဝင်းဆွေက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ကလည်း ဖာပွန်ခရိုင်အတွင်း ရှေ့တန်းထွက်နေသည့် စကခ (၈) လက်အောက်ခံ အမှတ် (၄၀၅) ခြေမြန်တပ်ရင်း (ခမရ – ၄၀၅) ကို စစ်ကောင်စီခြေကုပ်စခန်းဖြစ်သော မဲဝိုင်စခန်းအား သွားရောက်ရန် စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦးက အမိန့်ပေးခဲ့သည်။
အဆိုပါအမိန့်ကို ခမရ – ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး ဗိုလ်မှူး/ဗက (မကြာမီ ဗိုလ်မှူးရာထူး တိုးမြှင့်ခံရမည့် ဗိုလ်ကြီး ကြည် သာဖြိုး)တို့က မလိုက်နာဘဲ အာဏာဖီဆန် ငြင်းဆိုခဲ့သည့်အတွက် စစ်ကောင်စီက နောက်တန်းပြန်ခေါ်ကာ စစ်ခုံရုံးဖွဲ့ အရေးယူမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
“အမိန့်နာခံဖို့နဲ့ စည်းကမ်းရှိဖို့ ပြောတယ်ဆိုကတည်းက အမိန့်မနာခံတာတွေ များတယ်။ ဆိုလိုတာက ပြေးတာတွေ များတယ်။ ဖရဲသီးကိုလည်း ဆိုလိုတယ်။ တပ်ထဲမှာကိုက ပုန်ကန်တာ မဟုတ်တောင် အမိန့်မနာခံတာတွေ၊ မလုပ်ချင်တာတွေ၊ ငြိုငြင်တဲ့ဟာတွေ အထွေထွေကို ဆိုလိုပြီးတော့ ပြောတယ်လို့ထင်တယ်။ အဓိကကတော့ ဖယိုဖရဲဖြစ်နေလို့ လိုက်ပြီးတော့ ထိန်းတဲ့သဘောလို့ ထင်ပါတယ်” ဟု CDM ဗိုလ်ကြီး သစ်လွင် (အမည်လွှဲ)က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စာရင်းများအရ တပ်မတော်သား CDM ၃ဝဝဝ ကျော်နှင့် ရဲတပ်ဖွဲ့ဝင် CDM ၉ဝဝဝ ကျော်ရှိပြီး CDM နာမည်မခံဘဲ လွတ်မြောက်ဒေသများတွင် သိုသိုသိပ်သိပ် နေသူများလည်းရှိနေပြီး မြေပြင်တွင် ယခုထက်ပိုမို များပြားနိုင်သည်။ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး ရာထူးရှိသည့် ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးအဆင့်ထိ CDM ပြုလုပ်လာပြီး အရာရှိအဆင့် CDM ပြုလုပ်လာမှုမှာ အနည်းဆုံး ၁၀၀ ဦးနီးပါးရှိသည်ဟု CDM ဗိုလ်ကြီး တစ်ဦးက ဧရာဝတီတိုင်းမ်သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။