ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မကာအိုခမ်းရပ်ကွက်ရှိ ကြံ့ခိုင်ရေးရုံးအနီးတွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၇ နေ့ ညပိုင်းက တစ်ညတည်း ဗုံး ငါး လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်က အဆိုပါ ကြံ့ခိုင်ရေးရုံးအနီးတွင် ဗုံး တစ် လုံး စတင်ခွဲခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ လာရောက်စစ်ဆေးချိန်တွင် ဗုံး သုံး လုံးကို ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း အရှေ့ပိုင်းနဂါးအဖွဲ့ထံက သိရသည်။
“စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေကို ကျဆုံးစေဖို့ ရည်ရွယ်ပြီး တိုက်ခိုက်တာပါ။ သူတို့တွေကိုမျှားခေါ်ပြီး ဗုံးခွဲတိုက်ခိုက်လိုက်တာ။ ပထမ တစ် လုံး ကွဲတဲ့အချိန် အုပ်ချုပ်ရေးမှူး လာစစ်တယ်။ စစ်တဲ့အချိန်မှာ ထပ်ခွဲလိုက်တာပါ။ တစ်ညတည်း စုစုပေါင်း ငါး လုံး ခွဲခဲ့ပါတယ်” ဟု အရှေ့ပိုင်းနဂါးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ကနဦးသတင်းအရ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အပါအဝင် ငါး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းနေ့ည ၁၁ နာရီ ၂၅ မိနစ်တွင် အခင်းဖြစ်နေရာ၌ ( ငါး လုံးမြောက်) ဗုံး ၁ လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း သိရသည်။
“ အုပ်ကြီးအပါအဝင် ငါး ဦး ထိခိုက်တယ်လို့ သိရပါတယ်။ လူနာတင်ကား နှစ် စီးနဲ့ လာသယ်တယ်။ နောက်ဆုံး တစ် လုံးကတော့ အထိခိုက်မသိရသေးဘူး။ ဒါဟာ နှစ်ကြိမ်မြောက် မစ်ရှင်ပါ“ ဟု အရှေ့ပိုင်းနဂါးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါဗုံး ၅ လုံး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ အတိအကျကိုမူ ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို တော်လှန်ရေး ရဲဘော်များအနေဖြင့်လည်း အထိအခိုက်မရှိ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်ကလည်း တာချီလိတ်မြို့နယ်၊ လဝကရုံးနားတွင် အာဏာသိမ်း ၂ နှစ်ပြည့် သတိပေး ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ထိုမစ်ရှင်နှင့် လုံးဝသက်ဆိုင်ခြင်းမရှိသည့် လူငယ် လေး ဦးကို စစ်ကောင်စီက မတရား ဖမ်းဆီး သွားကြောင်း အရှေ့ပိုင်းနဂါးအဖွဲ့ထံက သိရသည်။
အရှေ့ပိုင်းနဂါးအဖွဲ့အနေဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ ဒေါက်တိုင်များကို ယခုထက်ပိုမို တိုက်ခိုက်မှု များ ပြုလုပ်သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ ဒေါက်တိုင်ဌာနများနှင့် ဝေးဝေးနေရန် မေတ္တာ ရပ်ခံထားသည်။