ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာ ၈ ရွာခန့်ကို စစ်ကောင်စီတပ်က ယမန်နေ့ ဖေဖောဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက စတင်၍ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်သောကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။
ထို့ပြင် အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီတပ်သည် ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာပြီး နွားကျောင်းနေသော အသက်၃၀ ဝန်းကျင်အရွယ် အမျိုးသား၂ဦးကို တန်ဆာခံဖြစ်ဖမ်းဆီး ရိုက်နှက်စစ်ဆေးကာ ညနေပိုင်းတွင် ပြန်လွတ်ပေးကြောင်း Successful Force Pauk အဖွဲ့ထံက သိရသည်။
“သူတို့က ပေါက်မြို့ရဲ့မြောက်ပိုင်း ကျွန်းတောဘက်က လာတဲ့ စစ်ကြောင်းပါ။ ကျေးရွာ ၈ ရွာနီးပါး ကပြည်သူ ၃၀၀၀လောက် ထွက်ပြေးနေရတယ်ဗျ။ ဇီးဖြူကုန်းရွာက အသက်၃၀ အရွယ် အမျိုးသား၂ဦးကိုလည်း ဖမ်းပြီးစစ်ဆေးရိုက်နှက်တယ်။ အခုက သဖန်းချောက် ရွာကနေ တဲတော်ယာ တောင်စုကို ရောက်သွားကြပြီ။ အဲ့ရွာက ပိတ်မိနေတဲ့ပြည်သူ၃၀ကို ကျွန်တော်တို့ အဖွဲ့က သွားကယ်ထုတ်လာနိုင်ခဲ့တယ် ။သူတို့က ရွာတွေမှာရှိတဲ့ ကြက် ဝက် ဆိတ်တွေကို ချက်စားပြီး ရွာကိုမွှေနှောက်ခဲ့တယ်” ဟု Successful Force Pauk အဖွဲ့ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုလိပ်ပြာက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်သည် စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များတွင် အဆမတန် စစ်အင်အားဖြင့် စစ်ကြောင်း ထိုးနေသည့်အတွက် တခြားမြို့နယ်များမှလည်း တိုက်ပွဲဝင်ပေးကြရန် Successful Force Pauk အဖွဲ့ က တောင်းဆိုထားသည်။
အဆိုပါစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၅ရက်နေ့မှ စတင်ကာ ပေါက်မြို့နယ် မြောက်ခြမ်းရှိ ကျွန်းတောရွာ၊ စံဖဲရွာ၊ ထန်းငယ်တောရွာ၊ ရှခွကြီးရွာ၊ ရှခွလေးရွာနှင့် ညောင်းဝန်းပေါက်ရွာတို့အပါဝင် တောင်ခြမ်းဖြစ်သော ရေယာဉ်တောင်စု၊ ဇီးဖြူကုန်း၊ သဖန်းချောက်နှင့် အခြားနီးစပ်သော ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း သိရသည်။
#မကွေးတိုင်း #ပေါက်မြို့နယ် #စစ်ကောင်စီတပ် #လက်နက်ကြီး #ပစ်ခတ် #ဒေသခံ၃၀၀၀ကျော် #ထွက်ပြေး #Ayeyarwaddy_Times