ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ကာကွယ်ရေးပူးပေါင်းအဖွဲ့များ ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ယောက်သေပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးကြောင်း သိရသည်။

ယမန်နေ့ နံနက် ၉ နာရီခန့်က အင်အား ၈၀ကျော်ပါရှိသော စစ်ကောင်စီတပ်သည် ညောင်ပင်ကန်ဘက်မှ ကလေးနှစ်ယောက်ကို တန်ဆာခံလမ်းပြ အဖြစ်ခေါ်လာကာ Zero ပြောက်ကျားအဖွဲ့၏ယာယီစခန်းကို လာရောက်တိုက်ခိုက်သောကြောင့် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Zero ပြောက်ကျားအဖွဲ့ထံက သိရသည်။

“မနက်၉ နာရီကနေ ည ၇ နာရီခွဲလောက်အထိ တ‌စ်နေကုန်နီးပါးဖြစ်ခဲ့တာ။ သူတို့ဘက်က ၁၇ယောက် သေပြီး အရာရှိတစ်ဦးလည်း ခြေထောက်ကို ဒဏ်ရာရ သွားတယ် လို့သိရတယ်။ ကျွန်တော်တို့ ကာကွယ်ရေး မဟာမိတ်အဖွဲ့ထဲက ၂ ဦး ကျဆုံးခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က စစ်ကောင်စီတပ်ကို အရှိန်တိုးမြှင့်ပြီး ဆက်လက်တိုက်ခိုက် သွားမှာပါ” ဟုZero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စစ်ကောင်စီ တပ်သည် ဖမ်းခေါ်လာသည့် အသက် ၁၃ နှစ်အရွယ် ကလေး ၂ ဦးကိုသတ်ဖြတ်ခဲ့ပြီး ကန်တော်ရွာရှိ ဘုန်းကြီးကျောင်းများနှင့်နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။

“စစ်ကောင်စီတပ်က ကန်တော်ရွာမှာရှိတဲ့ နေအိမ်အချို့အပါအဝင် ဘုန်းကြီးကျောင်း သုံးကျောင်းကို မီးရှို့ဖျက်ဆီးသွားတယ်။ ညောင်ပင်ကန်ဘက်ကနေ ဖမ်းလာတဲ့ ကလေး ၂ ယောက်ကို ကျောင်းထဲမှာပဲ လည်ပင်းဖြတ်ပြီး သတ်သွားတယ်။ ကျွန်တော်တို့ ယာယီစခန်းမှာရှိတဲ့ သိန်း၁၀၀ လောက်တန်တဲ့ ထုတ်လုပ်ရေးလုပ်ငန်းသုံး မီးစက်နဲ့ အခြားစက်ပစ္စည်းတွေအပါအဝင် သိန်း၂၀၀ လောက် ဆုံးရှုံးခဲ့တယ်” ကိုသက်ကြီးက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံခရိုင် တပ်ရင်း- ၇)၊ မြင်းခြံခရိုင် တပ်ရင်း (၂) ၊ ကျောက်ဆည်ခရိုင် တပ်ရင်း (၁) ၊ စစ်ကိုင်းခရိုင် တပ်ရင်း (၂)၊ ဆားတောင်မိုးကြိုးအဖွဲ့နယ်မြေခံလက်နက်ကြီးအဖွဲ့ နယ်မြေခံ ဒေသကာကွယ်ရေး တပ်ဖွဲ့ (LDF) များစုပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#စစ်ကိုင်းတိုင်း #မြင်းမူမြို့နယ် #စစ်ကောင်စီတပ် #ကာကွယ်ရေးပူးပေါင်းအဖွဲ့ #တိုက်ပွဲ #Ayeyarwaddy_Times