ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဖေဖော်ဝါရီ ၂၇ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ CDF-Mindatတပ်ဖွဲ့ဝင် ဗိုလ်ဆလိုင်းဘီလီအောင်ထန်း သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က စစ်ဘေးရှောင်စာရင်း ကောက်ရန် သွားသည့်လမ်းတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ ကျဆုံးခဲ့ကြောင်းသိရသည်။
“စစ်ဘေးရှောင်စာရင်းကို ကောက်ယူဖို့ သွားတဲ့ CDF ရဲဘော် တစ်ဦးလက်နက်ကြီး ကျည် ထိမှန်ပြီး ကျဆုံးပါတယ်။ ပြီးတော့ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု CDF-Mindat ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီး ကျည်ထိမှန်၍ ကျဆုံးခဲ့ရသည့် ဗိုလ်ဆလိုင်း ဘီလီအောင်ထန်းသည် သင်းအုပ်ဆရာတော်တစ်ပါးဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီကိုတော်လှန်ရန် CDF-Mindat သို့ ဝင်ရောက်ခဲ့ကြောင်းဆွေမျိုးများထံက သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ဒေသခံ၏ နေအိမ် ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစုဝင် ၃ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း ဒေသခံများ ထံက သိရသည်။
“၂၅ ရက်နေ့ ည ၇ နာရီလောက်မှာ မင်းတပ်မြို့အခြေစိုက် (၂၇၄) တပ်ရင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင် တင်စိုးဦးဆောင်တဲ့ လက်နက်ကြီးအဖွဲ့က အမှတ် (၄) ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာပါ။ နေအိမ်မှာရှိတဲ့ အပြစ်မဲ့ မိသားစုဝင် သုံး ဦးလက်နက်ကြီးကျည်ထိမှန်ပြီးသေဆုံးခဲ့ပါတယ်။ ကျန်ကလေးငယ် နှစ် ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်” ဟု မင်းတပ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် မင်းတပ်မြို့ ၊ ခမရ (၂၇၄) တပ်ရင်းသည် မင်းတပ်မြို့နယ်၊ အမှတ် (၄) ဘက်သို့ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
#ချင်းပြည်နယ် #မင်းတပ်မြို့ #စစ်ကောင်စီတပ် #လက်နက်ကြီး #ပစ်ခတ် #CDFရဲဘော်ကျဆုံး #ဒေသခံ၃ဦးသေ #Ayeyarwaddy_Times