ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၆ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဖေဖော်ဝါရီလ ၂၆ ဂက်နေ့က ၁၂ ဘီးကားကိုဝင်တိုက်မိပြီး သေဆုံးခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ စစ်ဖက်ရေးရာ ထောက်လှမ်းရေးတပ်ဖွဲ့ – စရဖ တပ်သားရဲ့ အလောင်းကို မီးသဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
မအူပင်မြို့ကနေ ကြံခင်းမြို့မှာ သွားရောက်နေထိုင်ပြီး သေဆုံးခဲ့တဲ့ စရဖတပ်သား ကျော်ဇင်ဝင်းရဲ့ ရုပ်အလောင်းကို နေ့လည် ၁ နာရီလောက်မှာ စစ်အခမ်းအနားနဲ့ မီးသဂြိုလ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
”သူက အာဏာမသိမ်းခင်ထဲက ကြံခင်းမှာ တာဝန်ကျနေတာ၊ ၂၄ ရက်နေ့က တော်လှန်ရေးအင်အားစုတွေ ချိတ်ထားတဲ့ စာတမ်းကို ဒေါသကြီးပြီး သွားဖြုတ်တုန်း ကားကို နောက်က ဝင်တိုက်မိတာပြောတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
၁၂ ဘီးကားကို နောက်ကတိုက်မိပြီး သေဆုံးခဲ့တဲ့ စရဖတပ်သားရဲ့အလောင်းကို စစ်ကောင်စီတပ်၊ ပျူစောထီးနဲ့ ပြည်သူ့စစ်အင်အားအများအပြားနဲ့ စစ်ရေးပြအခမ်းအနားပြုလုပ်ကာ မီးသဂြိုလ်ခဲ့တာလို့ ဆိုပါတယ်။
နာရေးပြုလုပ်ချိန်မှာ အရပ်ဝတ် ဝတ်ထားတဲ့ ရဲတွေနဲ့ သတင်းပေးတွေက ဓာတ်ပုံရိုက်ခွင့်တားမြစ်ထားပြီး လိုက်ပါပို့ဆောင်သူတွေကို စောင့်ကြည့်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။