ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၆ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ ညစဥ် သွားလာနေတဲ့ ကား၊ ဆိုင်ကယ်တွေကိုစစ်ဆေးနေတဲ့ အရန်မီးသတ်တပ်ဖွဲ့တွေကို လက်ထိပ်၊ နံပါတ်တုတ်၊ ဓါးမြှောင်၊
လေးဂွများကိုင်ဆောင်ခိုင်းပြီး လူမိုက်ဆန်ဆန်စစ်ဆေးမှုများပြုလုပ်နေတယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။
ဒေသခံပြည်သူတွေကို ယာဥ်စစ်ဆေးတာတွေပြုလုပ်တဲ့အခါ အရက်သေစာသောက်စားပြီး ရိုင်းရိုင်းပြပြ ပြောဆိုစစ်ဆေးတာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အရန်မီးသတ်ဆိုတာ လစာစားရတဲ့မီးသတ်မဟုတ်ဘူး၊ ရပ်ကွက်တွေမှာ ကြုံတဲ့လူ၀င်လုပ်နေတဲ့အဆင့်ကို ဒါမျိုးတွေကိုင်ပြီး လူမိုက်ဆန်ဆန်တွေ လုပ်နေတာ ရဲလည်းမဟုတ် စစ်သားလည်းမဟုတ်နဲ့သူတို့ကို စစ်ကောင်စီက မြှောက်ပေးထားတယ်ထင်တယ်”လို့ အသက် ၃၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်မြို့မှာ ညစဥ် ၇နာရီ နောက်ပိုင်းမှာ လမ်းဆုံလမ်းဂွတွေမှာ သွားလာနေတဲ့ ကား၊ဆိုင်ကယ်တွေကို ရဲ ၊ စစ်တပ်တို့က ရှာဖွေစစ်ဆေးနေပြီး စစ်ဆေးရာမှာ ရဲသတင်းပေး၊ ရာအိမ်မှူးများအပြင် ရပ်ကွက်အရန်မီးသတ်တွေပါ ၀င်ရောက်စစ်ဆေးနေတာလို့ သိရပါတယ်။
ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက် မရမ်းချိုလမ်းဆုံကစစ်ဆေးမှုမှာ ရဲနဲ့ စစ်တပ်ကိုမတွေ့ရဘဲ အရန်မီးသတ်များကိုသာ နေ့စဥ်တွေ့ရှိရပြီး လက်ထိပ်၊နံပါတ်တုတ်များကိုင်ပြီး လူမိုက်ဆန်ဆန်စစ်ဆေးနေယ်လို့ မြို့ခံတွေကပြောပါတယ်။
ဧရာ၀တီတိုင်း ပုသိမ်မြို့မှာ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်များ အထိုင်ချ တပ်စွဲထားတဲ့နေရာတစ်ချို့ မှာ တပ်များမတွေ့ရတော့ပဲ အင်အားလျော့လာတာပြီးနောက်ပိုင်း မြို့တွင်းစစ်ဆေးရေးတွေမှာ ရဲသတင်းပေးတွေနဲ့ အရန်မီးသတ်တွေကို ပိုမိုအသုံးပြုလာတာတွေ့မြင်ရတယ်လို့ ပုသိမ်မြို့ခံတွေ
ကပြောပါတယ်။