ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်က စစ်ကြောင်း၂ ကြောင်းဖြင့် လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်မှုကြောင့် ဒေသခံပြည်သူ ၁ဝ၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၇ ရွာနီးပါး ထွက်ပြေးခဲ့ရပြီး ယနေ့မနက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက် ၉ နာရီဝန်းကျင်တွင် ၁၀ ရွာနီးပါး ထွက်ပြေးရသဖြင့် စုစုပေါင်း ကျေးရွာ ၁၇ ရွာနီးပါး ထွက်ပြေးနေရကြောင်း KSO အဖွဲ့ထံမှ သိရသည်။

“မနေ့က စစ်ကြောင်းကြောင့် ကျေးရွာ ၇ ရွာကပြည်သူတွေ ရှောင်ပြေးနေရပြီး သူတို့က ဗအိုးကျေးရွာမှာ ညအိပ်တယ်၊ ဒီမနက်မှာ‌ အဲ့ကနေထွက်လာပြီး ခင်ဦးမြို့အနောက်ခြမ်းက ရွာတွေကို ဝင်နေတယ်ဗျ၊၁၀ ရွာလောက် ထပ်ပြီး ထွက်ပြေးနေရတယ်”ဟု Khin Oo Specialforce Organization (KSO) အဖွဲ့၏ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကြောင်းမှာ တဲစုကျေးရွာနေ ပျဥ်ထောင်ရွာသို့ ရောက်ရှိနေပြီး အခြားစစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းက ချမ်းသာကုန်းရွာမှ ရွာသား ၃ ဦးအား ရိုက်နှက်စစ်ဆေးပြီး လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းသွားကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို မဝင်ရောက်ခင် လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိတာမျိုးရှိပေမယ့် အတည်ကျမသိရသေးကြောင်း ဒေသခံများမှ ပြောသည်။

စစ်ကောင်စီတပ်ရဲ့ရန်ကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် ဒေသခံ ၁၀၀၀၀ ကျော်ဟာ လယ်ကွင်းနှင့် တောတွေထဲတွင် ဖြစ်သလိုနေနေရပြီး မိသားစု တစ်စုကို ထမင်းထုပ် ၃ ထုပ်လောက်သာပါလာသဖြင့် စားဝတ်နေရေးအခက်အခဲဖြစ်နေကြောင်း သိရသည်။

#ခင်ဦး #စစ်ဘေးရှောင် #ပြည်သူတစ်သောင်းကျော် #စားဝတ်နေရေး #ခက်ခဲနေ #Ayeyarwaddy_Times