ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်

KNU အဖွဲ့အစည်းမူနှင့် ဆန့်ကျင်လုပ်ဆောင်နေသည့် (သို့မဟုတ်) နိုင်ငံတကာဥပဒေကို ချိုးဖောက်နေသည့် KNU ထိပ်ပိုင်းခေါင်းဆောင်များအား အရေးယူမှုမရှိသည့်အတွက် ဗဟိုအလုပ်အမှုဆောင် ကော်မတီ တစ်ဖွဲ့လုံး နုတ်ထွက်ပေးရန် ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူ့အဖွဲ့အစည်း ၆၈ ဖွဲ့က တောင်းဆိုခဲ့သည်။

KNU အထွေထွေအတွင်းရေးမှူးချုပ်ထံ လိပ်မူ၍ ဗဟိုအမြဲတမ်းကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီတို့ဆီ ဖေဖော်ဝါရီ ၂၃ ရက် နေ့စွဲဖြင့် ပေးပို့သည့် ကရင်လူ့အဖွဲ့အစည်း ၆၈ ဖွဲ့၏ အိတ်ဖွင့်ပေးစာ တွင် ထိုကဲ့သို့ တောင်းဆိုထားပြီး KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီအနေဖြင့် အလေးအနက် ဖတ်ရှုသုံးသပ်ကာ လိုက်နာဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မောထိုတလေးနယ်မြေတွင် ပြုလုပ်ခဲ့သည့် (တရုတ်မြို့သစ်/ လောင်းကစား နယ်မြေဟု လူသိများသော) စီမံကိန်းဖွင့်ပွဲ အခမ်းအနားတစ်ခုတွင် လက်ရှိ KNU ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးလည်းဖြစ်၊ ကာကွယ်ရေးဌာန၏ ဌာနမှူးတစ်ဦးလည်းဖြစ်သည့် ပဒိုစောရောဂျာခင်ကိုယ်တိုင် ပါဝင်တက်ရောက်သည်ဟု သတင်းဓာတ်ပုံများ ထွက်ရှိခဲ့ကြောင်းနှင့် အဆို ပါကိစ္စနှင့် ပတ်သက်၍ KNU မှ အရေးယူဆောင်ရွက်ခြင်းနှင့် လူထုအား အသိပေးချပြခြင်း တစ်စုံတစ်ရာမရှိကြောင်း ယင်းအိတ်ဖွင့်စာထဲတွင် ဖော်ပြထားသည်။

“အဓိကကတော့ အခုလက်ရှိ KNU ခေါင်းဆောင်တစ်ယောက်က ရွှေကုက္ကိုလ် တရုတ်စီမံကိန်းပေါ့နော်။ ရာဇဝတ်မှု ဂိုဏ်းပေါင်းများစွာနဲ့ ပြည့်နှက်နေတဲ့ စီမံကိန်းမှာ ပါဝင်ပတ်သက်နေတယ်၊ နာမည်ထွက်နေ တယ်ပေါ့နော်။ အဲဒါနဲ့ ပတ်သက်ပြီးတော့မှ KNU ကနေပြီးတော့မှ စုံစမ်းစစ်ဆေးမှု မလုပ်ဘူး။ ပြီးတော့ ဒီဟာရှင်းလင်းချက်လည်း ဘာမှမထုတ်ဘူးပေါ့နော်။ အဲဒီအတွက် ကျွန်တော်တို့ သုံးသပ်တာကတော့ သူရဲ့ ပူးပေါင်းပါဝင်မှုက ကျန်တဲ့ခေါင်းဆောင်တွေက ဘာဖြစ်လို့ အရေးမယူရတာလဲပေါ့၊ ဆိုတဲ့စဉ်းစားမှုတွေ ကျွန်တော်တို့ ရှိလာတယ်။ ဆိုတော့ ကျန်တဲ့ခေါင်းဆောင်တွေကများ ပါဝင်ပတ်သက် နေသလား ပေါ့။ တကယ်လို့ သူ့ကို အရေးမယူနိုင်ဘူး၊ အရေးယူလို့ မရဘူး၊ အရေးယူနိုင်တဲ့ အခြေအနေမရှိဘူးဆိုရင် အခုလက်ရှိ KNU အလုပ်အမှုဆောင် အမြင့်ဆုံးပေါ့နော်။ နုတ်ထွက်ပြီး သူတို့ရဲ့ အာဏာတွေကို ဗဟို အမြဲတမ်းကော်မတီကို ပြန်ပြီးတော့မှ လွှဲပေးဖို့ပေါ့နော်” ဟု ကရင်လူ့အဖွဲ့အစည်း ၆၈ ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စောသူးကဘီးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အလားတူ ယခုနှစ် ဇန်နဝါရီ ၁၇ ရက်က ထိုင်းနိုင်ငံအခြေစိုက် Thai BPS သတင်းဌာန၏ ဖော်ပြချက်အရ ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းနှင့်နီးသည့် နောက်ထပ်စီမံကိန်းတစ်ခုဖြစ်သော ဟွမ်ယာမြို့သစ်စီမံကိန်း ကို ပဒိုစောရောဂျာခင်မှ ခွင့်ပြုချက်ပေးခဲ့ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ယခုအချိန်အထိ KNU တာဝန်ရှိခေါင်းဆောင်များမှ အရေးယူဆောင်ရွက်ခြင်း တစ်စုံတစ်ရာမရှိသည်ကိုလည်း ထပ်မံတွေ့ရှိရကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် ပါဝင်သည့် ခေါင်းဆောင်များ၏ နားလည်မှုနှင့် အခွင့်အာဏာ ပေးထားခြင်းမရှိပါက ပဒိုစောရောဂျာခင်အနေဖြင့် မိမိဆန္ဒအရ ခွင့်ပြုချက်များ ပေးနိုင်မည် မဟုတ်ဘဲ ယခုကဲ့သို့ အရေးယူဆောင်ရွက်ခြင်း တစ်စုံတစ်ရာမရှိခြင်းသည် ပဒိုစောရောဂျာခင်အား KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီရှိ ထိပ်ပိုင်းခေါင်းဆောင်အချို့က နောက်ကွယ်မှနေပြီး အခွင့်အာဏာနှင့် အကာအကွယ်ပေးနေကြောင်းကို ဖော်ပြနေသလို ဤမြေအောက်စီးပွားရေး စီမံကိန်းတွင် KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီအတွင်းရှိ ထိပ်ပိုင်းခေါင်းဆောင်အချို့ကလည်း ပါဝင်ပတ်သက်နေသည်ကို မြင် သာစေကြောင်း ကရင်လူ့အဖွဲ့အစည်း ၆၈ ဖွဲ့က ဆိုသည်။

“ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ အစည်းအဝေးတွေမှာ တွေ့ဆုံဆွေးနွေးတာတို့၊ ပြောဆိုတာတွေ ရှိတယ်ပေါ့နော်။ ပြီးတော့ KNU ခေါင်းဆောင်ကြီးထဲမှာလည်း ကျွန်တော်တို့နဲ့ နိုင်ငံတကာကို လာ ရောက်ပြီးတော့မှ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ တွေ့ဆုံဆွေးနွေး ပြောဆိုတာလဲရှိတယ်ပေါ့နော်” ဟု ကရင်လူ့အဖွဲ့အစည်း ၆၈ ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စောသူးကဘီးက ပြောသည်။

ထိုမြေအောက်စီးပွားရေး စီမံကိန်းသည် KNU ၏ မူဝါဒ၊ နိုင်ငံရေးခံယူချက်နှင့် စည်းမျဉ်းဥပဒေများကို ချိုးဖောက်ဆန့်ကျင်နေကြောင်း KNU ခေါင်းဆောင်နှင့် အဖွဲ့သားအားလုံးက သိရှိနားလည်ထားပြီး ဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းတွင် နိုင်ငံတကာပြစ်မှုမြောက်သည့် အွန်လိုင်းလောင်းကစား၊ လူကုန်ကူးမှု၊ လိင်ဖျော်ဖြေရေးလုပ်ငန်းနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများ ပါဝင်နေပြီး အရေးကြီးသော အချက်တစ်ခုမှာ ဒုစရိုက်လုပ်ငန်းတွင် ပါဝင်နေသော နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များမှ ငွေမည်းကို ငွေဖြူအဖြစ် ပြောင်းလဲနိုင်အောင် အဆိုပါတရုတ်မြို့သစ် စီမံကိန်းများတွင် ငွေကြေးရင်းနှီးမြုပ်နှံနေကြခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ထိုသို့ပတ်သက်ဆက်နွယ်မှုများကြောင့် ကရင်တစ်မျိုးသားလုံး၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တော်လှန်ရေးကို ကမ္ဘာက အသိအမှတ်ပြုပြီး ထောက်ခံမှုရှိစေရန် အားထုတ်ကြိုးပမ်းနေရသည့် ယခုလိုအချိန်ကောင်း တွင် KNU အဖွဲ့အစည်းတစ်ခုလုံး၏ နာမည်နှင့် ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေကြောင်းနှင့် KNU အထွေထွေအတွင်းရေးမှူးချုပ်မှတဆင့် ဗဟိုအမြဲတမ်းကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီတို့အား အချက် ၄ ချက် တောင်းဆိုပါကြောင်း အိတ်ဖွင့်စာတွင် ပြောဆိုထားသည်။

အဆိုပါအိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ KNU တာန်ရှိသူများထံ ဆက်သွယ်မေးမြန်းနိုင်ရန် ဧရာဝတီတိုင်းမ် သတင်းဌာနမှ ကြိုးစားနေဆဲဖြစ်သည်။

#KNU #ခေါင်းဆောင်များ #နှုတ်ထွက်ဖို့တောင်းဆို #Ayeyarwaddy_Times