စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်များအတွက် သိကောင်းစရာအဖြာဖြာ

ဆောင်းပါးရှင် – ဒေါက်တာ မိုးသစ်နေ
ဧရာ၀တီတိုင်းမ်၊ ဖေဖော်ဝါရီ ၂၆ ရက်

အမျိုးသမီး‌တွေ ကိုယ်ဝန်ဆောင်တယ်ဆိုတာ လူသားတာဝန်တွေကို ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ လောကမှာ လူသားမျိုးဆက်‌တွေဆက်ရှိ‌နေဖို့ မျိုးပွားခြင်းက မရှိမဖြစ် လိုအပ်ပါတယ်။

လိင်ဆက်ဆံမှုရှိခဲ့တဲ့ အမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ရသွားတဲ့အခါ ဓမ္မတာ မပေါ်‌တော့ဘဲ ရပ်သွားပါမယ်။ ဒီအခါမှာ UCG လို့အလွယ်ခေါ်တဲ့ ကိုယ်ဝန်စစ်ဆေး ဆီးစစ်တံ ပစ္စည်းကို သုံးပြီး အတည်ပြုရပါမယ်။ အကယ်၍သန္ဓေအောင်ပြီး ကိုယ်ဝန်ရှိသွားပြီ ဆိုရင်တော့ မိခင်လောင်းဘဝနဲ့ ရက် ၂၈၀ (ရက်သတ္တပတ်ပေါင်း ၄၀) ခန့် ကိုယ်ဝန်ဆောင်ကာလကို ဖြတ်သန်းရမှာပါ။ စစ်ဘေးရှောင်စခန်းတွေ ရွာတွေအနေနဲ့လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဂရုစိုက်ပြီး ဦးစားပေး နေရာမှာ နေရာထိုင်ခင်းစီစဉ်ချထားဖို့ လိုအပ်ပါတယ်။

“ယောကျာ်းဖောင်စီး မိန်းမမီးနေ” ဆိုတဲ့ ဆိုရိုးစကားတစ်ခုကို အားလုံးသိကြမှာပါ။ ကိုယ်ဝန်ဆောင်ကာလဆိုတာ အမျိုးသမီးတွေအတွက်တော့ စစ်ပွဲတစ်ပွဲပါပဲ။ ကိုယ်ခန္ဓာမှာ ပြောင်းလဲမယ်။ စိတ်တွေ တက်လိုက်ကျလိုက် ခံစားချက်တွေလည်း ကယောက်ကယက် ဖြစ်ချင်သလိုဖြစ်ပြီး ဟော်မုန်းအပြောင်းအလဲတွေလည်း ကြုံရမယ်။ ကိုယ်ဝန်မဆောင်ခင်‌၊ ဆောင်နေစဉ်နဲ့ မီးဖွားပြီးချိန်အထိ ကျန်းကျန်းမာမာ ရှိနေဖို့ဆိုတာ အလွန် အရေးကြီးပါတယ်။

စစ်‌ဘေးကြောင့်ရှောင်တိမ်းပြေးလွှားနေရတဲ့ ဒေသတွေမှာရှိနေတဲ့ ကိုယ်ဝန်ဆောင် တွေက ဆင်းရဲမွဲတေခြင်း ဆေးဝါးရှားပါးခြင်း ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်း မမီခြင်းတွေကို ပိုပြီး ရင်ဆိုင်နေရတာကတော့ ငြင်းမရတဲ့ အမှန်တရားပါပဲ။ ဆယ်ကျော်သက်ကိုယ်ဝန်ဖြစ်နေတာ၊ ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်ခြင်း ဖြစ်နေတာတွေက ပိုပြီးတော့ ကျန်းမာရေးအသိပညာတွေ သိရှိဖို့လိုအပ်ပါတယ်။

ကိုယ်ဝန်ရှိနေကြောင်း သိသိချင်း ဘာလုပ်ရမလဲ?

ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။ သွေးပေါင်ချိန်၊ ကိုယ်အလေးချိန် အရပ်အမြင့်တွေ တိုင်းတာရမယ်။ သွေးနဲ့ ဆီးစစ်ဆေးတာ၊ ကာကွယ်ဆေးထိုးတာ တွေအတွက် ပြင်ဆင်ထားရပါမယ်။ ကလေးမွေးဖွားမယ့်ရက်ကို တွက်ချက် ထားရပါမယ်။ ကိုယ်ဝန်ဆောင်စဥ်၊ မွေးဖွားနေစဉ် ကြုံတွေ့ရနိုင်တဲ့ အန္တရာယ် လက္ခဏာတွေကို သိထားရပါမယ်။ ကလေးမွေးဖို့နဲ့ အရေးပေါ်ကိစ္စတွကြုံလာရင် သွားလာနိုင်ဖို့၊ ကုသဖြေရှင်းနိုင်ဖို့အတွက် ပြင်ဆင်ထားရပါမယ်။

“ကိုယ်အလေးချိန်နဲ့ အစားအသောက်”

ကိုယ်အလေးချိန်နဲ့ အစားအသောက်၊ သန္ဓေသားလေး ကြီးထွားဖွံ့ဖြိုးလာ‌လေလေ ကိုယ်အလေးချိန် တက်လာလေလေပါပဲ။ ဒါကြောင့် ကိုယ်ဝန်ရှိတာ သိသိခြင်း ကိုယ်အလေးချိန် ချိန်ထားဖို့ လိုအပ်ပါတယ်။ ၂၅ ပေါင်ကနေ ၃၅ ပေါင်အထိ တိုးပါတယ်။ ကိုယ်ဝန်နုနု ၃ လကြာတဲ့အထိ ၂ ပေါင် ၃ ပေါင် လောက်ပဲ တိုးလာပေမယ့် ကိုယ်ဝန်ရင့်လာတာနဲ့ ကိုယ်အလေးချိန်က တဖြည်းဖြည်း ပိုတိုးလာမှာပါ။ တစ်ပတ်ကို တစ်ပေါင်နှုန်းတိုးပြီးကို ဖွံ့ဖြိုးလာပါတယ်။

မေမေတို့ ပိန်ခြင်းဝခြင်းက ကလေးအပေါ် သက်ရောက်မှု ရှိတတ်ပါတယ်။ အမေပိန်ပိန် ကလေးပိန်ပိန်ပေါ့။ ( Low birth weight babies) ကလေး ညှက်ညှက် ကလေးတွေမွေးနိုင်ချေရှိပါတယ်။ ဒါဆို ကလေးကိုယ်ခံအား နည်းတတ်ပါတယ်။

အမေဝဝဆိုရင်လည်း (Macrosomic infants) ကလေးအကြီးကြီးတွေ မွေးနိုင်တာကြောင့် မီးဖွားစဉ် ကလေးပခုံးတစ်ပြီး မွေးရခက်ခဲတာနဲ့ ချိုင်းကြားထဲက အာရုံကြောဒဏ်ရာရတာတွေ၊ ကလေးမှာ ခံစားတတ်ပါတယ်။ ကိုယ်ဝန်မဆောင်ခင် မဝ မပိန် ပုံမှန်ကိုယ်အလေးချိန်ဖြစ်ဖို့ ပြင်ဆင်နိုင်ရင် အကောင်းဆုံးပါပဲ။

ကလေးလေးရှိနေတဲ့ သားအိမ်က ကြီးထွားလာရတဲ့အခါ ဗိုက်တစ်ခုလုံးရဲ့ အမြင့်ဆုံး နေရာ ရင်ညွှန့်ထိရောက်လာမှာပါ။ လေထိုး‌လေအောင့်၊ အစာမကြေ ရင်ခေါင်းတောင့် တာတွေ ခံစားနိုင်ပါတယ်။ ဆီးမကြာခဏသွားတာ၊ ဝမ်းချုပ်တာတွေလည်း ခံစားရ နိုင်ပါတယ်။

“မေမေလောင်းလျာတို့ အစုံစားပါ”

အစားအသောက်နဲ့ပက်သက်ရင် လက်လှမ်းမီသလောက် အစုံသာစားပေးပါ။
ကိုယ်ဝန်မရှိခင်ကထက် ၁၇ ရာခိုင်နှုန်း ပိုတိုးစားပေးဖို့ လိုအပ်ပါတယ်။ စားသမျှ အစားအစာရဲ့ငါးပုံတစ်ပုံက ပရိုတိန်းဓါတ် ဖြစ်ရပါမယ်။ အသားငါး၊ ပဲအမျိုးမျိုး၊ ဥနဲ့ နို့တွေမှာ ပရိုတိန်း လို့ခေါ်တဲ့ အသားဓါတ်တွေ ပေါကြွယ်ဝပါတယ်။ စားပါ ဒါမှ ဗိုက်ထဲက ကလေးထွားမှာပါ။

ဗီတာမင်ပေါင်းစုံရဖို့ မေမေလောင်းလျာတို့က အစိမ်းရောင်အသီးအရွက်တွေ၊ သစ်သီးဝလံတွေလည်း များများစားပေးပါ။ ဝမ်းချုပ်တာကိုပါ ကာကွယ်ပြီးသား ဖြစ်စေမှာပါ။ မိခင်သွေးအားကောင်းစေဖို့အပြင် ကလေးဦးနှောက် အာရုံကြော ကောင်းကောင်းလေး ဖွံ့ဖြိုးစေတဲ့ (Folic acid ) ဖောလစ်အက်စစ် လိုအပ်ပါတယ်။ အစေ့အနှံတွေရရင် မရှောင်ပါနဲ့ စားပါ။ ကျန်းမာရေးအတွက်ကောင်းပါတယ်။

စစ်ရှောင်နေစဉ်အတွင်းမှာ တိုက်ပွဲအတွင်းမှာဆိုရင်လဲ ပတ်ဝန်းကျင်မှာရှိတဲ့ ရနိုင်တဲ့ အစားအသောက်တွေကိုသာ သေသေချာချာ စားသောက်ပေးပါ။ အသီးအရွက်များများ နဲ့ ရနိုင်တဲ့ ပဲ၊ အသား၊ ငါး၊ ဆန်၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ မျှစ် စသဖြင့် အဆင်ပြေအောင် ကြိုးစား စားသောက်ပေးပါ။

ကိုယ်ဝန်ဆောင်ကနဦးကာလမှာတော့ ပျို့ချင်အန်ချင်တာ၊ အစားအသောက်ပျက် တာတွေ ဖြစ်တတ်ပါတယ်။ ရေ၊ ဓါတ်ဆားရည်၊ သစ်သီးဖျော်ရည်၊ ဒိန်ချဉ်စတဲ့ အရည်တွေ‌သောက်ပြီး ရေဓါတ်ပြန်ဖြည့်ပေးပါ။

“မိခင်လောင်းတို့ လိုက်နာဆင်ခြင်ဖို့”

မိခင်လောင်းအနေနဲ့ မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီး မွေးကင်းစကလေး မေးခိုင် ရောဂါဖြစ်ပွားမှုကို တားဆီးရပါမယ်။ ကိုယ်ဝန်ဆောင်ကာလ ၃ လကျော်ရင် ကိုယ်ဝန် ဆောင်အားဆေး လက်လှမ်းမီပါက သောက်ပါ။ သန်ချဆေးလည်း တစ်ကြိမ် သောက်ပေးရပါမယ်။

သတိထားဆင်ခြင်ရမှာတွေကတော့ ချော်လဲတာတွေမဖြစ်အောင်၊ ပြင်ပဒဏ်ရာ‌တွေ မရအောင် ဂရုစိုက်ပါ။ ခေါင်ရည်၊ အရက်တွေကို ရှောင်ပါ။ ဆေးလိပ်သောက်တာ ဆေးလိပ်ငွေ့ရှူတာမျိုး မဖြစ်အောင်ဆင်ခြင်ပါ။ ဆေးလိပ်ကို ကိုယ်တိုင် သောက်သုံးတာ၊ ကိုယ်တိုင်မသောက်သုံးသော်လည်း တစ်ဆင့်ခံ ရှူရှိုက်မိတာတွေဟာ မေမေတို့အတွက်ကော ဗိုက်ထဲက သားသားမီးမီးလေးတွေ အတွက်ပါ အန္တရာယ် ရှိတာမို့ ဂရုစိုက် ဆင်ခြင်နေထိုင်ဖို့အရေးကြီးပါတယ်။

မက်ကလောင်ခြစ်တာ၊ မလိုအပ်ဘဲ ဆေးတွေသောက်တာကို လုံးဝ မလုပ်ပါနဲ့။
တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရှေးရိုးရာအယူအဆတွေအရ နေကောင်းဖို့ လုပ်လေ့ လုပ်ထရှိတဲ့ မက်ကလောင်ခြစ်တာတွေက အရေပြားကိုခြစ်တာဖြစ်လို့ သွေးထွက်ပြီး အနာဖြစ်တတ်ပြီး ပိုးဝင်တာတွေဖြစ်တတ်ပါတယ်။ သွေးထွက်ခဲ့‌သော် သွေးကနေ ကူးစက်တတ်တဲ့ HIV ပိုး၊ အသည်းရောင်အသားဝါ B ပိုး၊ C ပိုးတွေဟာ မက်ကလောင်ခြစ်တဲ့အတံကို မျှဝေသုံးရင် တစ်ယောက်ဆီကနေ တစ်ယောက်ဆီကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့်မို့ မေမေတို့ကို မက်ကလောင်ခြစ် တာမျိုးတွေ မလုပ်ဖို့ တိုက်တွန်းလိုပါတယ်။

ကလေးလှုပ်တာကို ကိုယ်ဝန်ဆောင်မေမေတွေ ၄ လ ၅ လအကြာမှာ စတင်ခံစားမိပါပြီ။ လှုပ်ရှားမှုကို ဝမ်းဗိုက်လေးပေါ်ကနေ မြင်နိုင်လောက်တဲ့အထိ‌ ကြုံရပါမယ်။ မေမေ တို့ကတော့ ခံစားမိမှာပါ။ တစ်နေ့ကို အကြိမ်ရေများစွာလှုပ်လေ ကောင်းလေပါပဲ။ အကြိမ်‌အရေအတွက်ကို မှတ်သားနေပြီး မိခင်က ကလေးကို ချစ်မေတ္တာတွေယိုဖိတ် ဆုတောင်းပေးနေခြင်းက မိခင်ရောကလေး‌ပါ ကျန်းမာစေဖို့ တကယ့်ကို အထောက် အကူပေးပါတယ်။

သွေးဆင်း၊ ရေဆင်း ကလေးအလှုပ်နည်းတဲ့အခါ ခေါင်းကိုက်ခဲ၊ အမြင်တွေ မှုန်ဝါးတဲ့အခါ တက်တာ သတိလစ်တာ ဖြစ်တဲ့အခါ၊ ရင်ညွန့် အောင့်ပြီး အန်နေတဲ့အခါ ဗိုက်တွေတရစပ် ဆက်တိုက်နာလာတဲ့အခါ၊ အသက်ရှူခက်ခဲ အသက်ရှူမြန်လာတဲ့ အခါ နီးစပ်ရာ ဆေးခန်း၊ ကျန်းမာရေးဌာနနဲ့ ဆေးရုံကို အချိန်မဆွဲဘဲ ချက်ချင်းသွားဖို့ လိုပါတယ်။

ကိုယ်ဝန်ဆောင်နေစဥ်မှာ ပြုမူနေထိုင်ရမယ့်နည်းလမ်းတွေနဲ့ ဖြစ်တတ်တဲ့ အန္တရာယ် တွေကို ပြောပြပြီးတဲ့အခါ နောက်တစ်ပတ်မှာတော့ မီးဖွားစဉ်မှာ ကြုံတွေ့ရမယ့် အခြေအနေတွေနဲ့ မိခင်နို့ချိုတိုက်ကျွေးခြင်းအကြောင်းအရာတွေကို ဆက်လက် ဖော်ပြပေးမှာပါ။ မိခင်တွေ ကျန်းမာဘေးကင်းကြပါစေ ဆန္ဒပြုလိုက်ပါတယ်။

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာ ရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများ ရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။)

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ဆောင်းပါး #Ayeyarwaddy_Times