ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ ဖေဖော်ဝါရီလ ၂၆ ရက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရန်အောင်စိုးအား ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင် တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်ပံနီ)က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့ပေါ်မှ တစ်မိုင်ခန့်သာဝေးကွာသည့်ဆင်ခြေဖုံးကျေးရွာအုပ်စုသို့ပြန်လာသည့် လမ်းတွင် အုပ်ချုပ်ရေးမှူးရန်အောင်စိုးအား တနင်္သာရီ(ပကဖ) မှပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

“အဓိကကတော့ စစ်ကောင်စီရဲ့သစ္စာခံဖြစ်တာရယ်၊ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးဖြစ်တာရယ် ပါတယ်။ (ပကဖ)ကနေ စကစခန့် အုပ်မှုးတွေနှုတ်ထွက်ဖို့လည်း စာထုတ်ထားပီးဖြစ်ပါတယ်။ လာတ်စားပီး စကစကိုဘောမတဲ့ အုပ်ကြီးတစ်ယောက်ပါ။” ဟု တနင်္သာရီ(ပကဖ)မှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီမြို့နယ်တွင် တနင်္သာရီမြို့ပေါ်နှင့် မောတောင်မြို့ပေါ်မှလွဲ၍ ကျန်သည့်ရပ်ကျေးအုပ်ချုပ်ရေးယန္တရားများမှာလည်ပတ်နိုင်ခြင်းမရှိတော့ပဲ သက်ဆိုင်ရာ (ပကဖ)၊ (ပအဖ) များ၏ယန္တရားလည်ပတ်နေပြီဖြစ်ကြောင်း တနင်္သာရီ(ပကဖ) ထံမှသိရသည်။

သို့ဖြစ်၍ စစ်ကောင်စီ ယန္တရားလည်ပတ်‌နေသည့် တနင်္သာရီမြို့ပေါ်နှင့်မောတောင်မြို့ပေါ်မှ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် အုပ်ချုပ်ရေးထောက်တိုင်များအားလည်း ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း တနင်္သာရီ(ပကဖ)မှ ထုတ်ပြန်ထားသည်။

#တနင်္သါရီ #အုပ်ချုပ်ရေးမှူးရှင်းလင်းခံရ #Ayeyarwaddy_Times