ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၆ ရက်
ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်းက ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ပင်ခဲ့ပြီး တိုက်ပွဲများရပ်တန့်နေချိန်တွင်လည်း လွတ်လပ်စွာသယ်ယူခွင့်မရရှိသေးကြောင်း ဆေးဆိုင်ရောင်း
ချနေသူများထံမှ သိရသည်။
၂ နှစ်နီးပါးရပ်တန့်နေခဲ့သည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့၏တိုက်ပွဲများမှာ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဇူလိုင်လအတွင်းမှစ၍ တစတစပြင်းထန်လာခဲ့ပြီး စစ်ရေးမတည်ငြိမ်မှုနှင့်အတူ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့မှုများ၊ ကုန်ပစ္စည်းသယ်ယူခွင့်များကိုပါ ပိတ်ပင်ခဲ့သည်။
ကုန်ပစ္စည်းတင်ပို့ခွင့်ပိတ်ပင်ခံရသည့်အထဲတွင် သံနှင့်ဆေးဝါးများမှာ အဓိကပါဝင်ပြီး တစ်ချို့ကုန်ပစ္စည်းများမှာ အကန့်အသတ်ဖြင့်သယ်ယူခွင့်ရသော်လည်း ဆေးဝါးများမှာ လုံးဝသယ်ယူခွင့်မရခဲ့ပေ။
” ဆေးတွေက အရင်လိုကုမ္ပဏီတွေက ကားနဲ့တ်ိုက်ရိုက်ယူလို့မရတော့ဘူး။ကိုယ်အဆင်ပြေတဲ့လမ်းကပဲ ကြံဖန်ပီးယူနေရတယ်။ တခါတလေအရမ်းအရေးကြီးတဲ့ဆေးတွေဆိုရင် ရန်ကုန်ကိုလေယာဉ်နဲ့သွားတဲ့သူတွေနဲ့ဆောင်းပါးမှာရတယ်။ဒါတောင် နေမကောင်းလို့ပါလို့အကြောင်းပြပြီး တထမ်းစာလေးပဲယူလာရတာ။အသုံးများတဲ့ဆေးတွေ၊ရောင်းအားများတဲ့ဆေးတွေပြတ်သွားတာမျိုး မကြာခဏ ကြုံရတယ်။ဒါကြောင့် အရင်လိုပဲသယ်ယူခွင့်တွေပြန်ပေးစေချင်တယ်” ဟု စစ်တွေမြို့မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
အလားတူ မင်းပြားမြို့မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးကလည်း ဆေးဝါးများကို လိုအပ်သလိုဝယ်ယူ၍မရကြောင်းနှင့် ဆေးလာဝယ်သူများကိုလည်း အကန့်အသတ်ဖြင့်သာရောင်းပေးနေရကြောင်း ပြောသည်။
” စွံသလောက်တော့ ရောင်းချင်တာပေါ့။ဒါပေမဲ့ တစ်ချို့ဆေးတွေကတယောက်တည်းကိုပဲအကုန်ရောင်းလိုက်လို့လည်းမရဘူး။အရင်လို လိုအပ်တဲ့အချိန် မှာလို့မရတော့ အရေးကြီးတဲ့ဆေးတွေဆိုရင် ၅ခုလာဝယ်ရင် ၃ခုလောက် အဲ့လ်ိုမျိုးမျှရောင်းရပါတယ်။လမ်းခရီးတွေ အရင်လိုပြန်ဖွင့်ပေးရင်တော့ အကုန်လုံးအတွ
က် ကောင်းကျိုးရှိတာပေါ့” ဟု၄င်းကပြောသည်။
တိုက်ပွဲကာလအတွင်းက စစ်ရေးလိုအပ်ချက်အရ ပိတ်ခြင်းကို လက်ခံနိုင်သော်လည်း ယခုကဲ့သို့ ပြည်သူများကိုငဲ့ညှာပြီး လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲထားသည့်အချိန်တွင် ဆေးဝါးသယ်ယူခွင့်ကို ထပ်မံပိတ်ပင်ထားသေးခြင်းမှာ လက်ခံနိုင်စရာအကြောင်းမရှိဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သည့် ဦးဖေသန်းကထောက်ပြပြောဆိုသည်။
” ဒါတွေကတော့ စစ်ကောင်စီက ဖြတ်လေးဖြတ်သဘောလုပ်တာပေါ့။အဓိက AAဆီကို လိုအပ်တဲ့ဆေးဝါးတွေမရောက်အောင် တားဆီးပစ်တာမျိုးလို့လည်းပြောလို့ရတယ်။ဒါပေမဲ့ အခုလို တည်ငြိမ်နေတဲ့ကာလမှာတော့ ဖွင့်ပေးသင့်နေပြီ။သူတို့ပြောသလို လူသားချင်းစာနာပြီးအပစ်ခတ်ရပ်စဲတာဆိုရင် လုသားချင်းစာနာကြောင်းကို ပြဖို့လိုတယ်။ဒါမှသာပြည်သူတွေရဲ့အခက်အခဲအကျပ်အတည်းတွေကိုဖြေလျှော့လို့ရမှာ။တကယ်လို့ မဖွင့်ပေးဘဲ ပြည်သူတွေရဲ့အကျပ်အတည်းကိုသိသိကြီးနဲ့လုပ်နေမယ်ဆိုရင် ဒါကလည်းစစ်ရာဇဝတ်မှုကျူးလွန်ရာရောက်တာပဲ” ဟု ဦးဖေသန်းကပြောသည်။
လက်ရှိရခိုင်ပြည်အနေအထားအရ ဆေးဝါးများအား သယ်ယူမည်ဆ်ိုပါက ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး (နယ်လုံ)ထံ စာတင်ပြီး ခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်းလည်း ဆေးဆိုင် ရောင်းချသူများ၏ပြောဆိုချက်အရ သိရသည်။
ယင်းကြောင့် ဆေးဝါးသယ်ယူခွင့်နှင့်ပတ်သက်၍ နယ်လုံအနေဖြင့် မည်သို့စီမံဆောင်ရွက်ပေးသွားမည်ကို အသေးစိတ်သိရှိရရန်အတွက် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား ဧရာဝတီတိုင်းမ်က ဖုန်းဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပါ။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ် တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်းက မြေပုံ မြို့နယ်၊င/ပသုန်တိုက်နယ်ဆေးရုံအတွက် လိုအပ်သည့် ဆေးဝါးများကို သယ်ယူပေးလာသည့် စက်လှေတစ်စီးကို စစ်တွေနှင့်ပေါက်တော ကြားတွင် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စက်လှေပေါ်၌ ပါလာသည့် အမျိုးသား ၃ ဦးကို
စစ်ကောင်စီက အမျိုးသားဆေးဥပဒေ ပုဒ်မ ၁၉(ခ)ဖြင့် စစ်တွေမြို့ အမှတ်(၂)ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့သည်။
ဒါ့ပြင် င/ပသုန်တိုက်နယ်ဆရာဝန် ကိုဝင်းနိုင်စိုးကိုလည်း စစ်တွေအမှတ် (၂)ရဲစခန်းသို့ခေါ်ယူကာစစ်ဆေးခဲ့ပြီး တစ်ပတ်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။