ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၅ ရက်

ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လည်က မြို့နယ်ပြည့်သူစစ်ခေါင်းဆောင် ဦးကျော်တင့်ဦးဆိုသူ သေနတ်နဲ့ပစ်ခတ်ခံရပြီး ပုသိမ်မြို့က တိုင်းစစ်ဌာနချုပ်က တပ်ဆေးရုံမှာ ကုသနေရတယ်လို့သိရပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့လည် ၁၂ နာရီအချိန်က မော်ကျွန်းမြို့ အမှတ် ၁ဝ ရပ်ကွက် Happy လက်ဘက်ရည်ဆိုင်မှာ မြို့နယ်ပြည့်သူစစ်ခေါင်းဆောင်နဲ့ မဘသဥက္ကဌ ဖြစ်တဲ့ဦးကျော်တင့်ဦးကို ဆိုင်ကယ်နဲ လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မြို့ခံတွေကပြောကြပါတယ်။

“မနေ့က ညနေ ၃ နာရီလောက်မှာလူနာတင်ကားနဲ့ ရောက်လာတယ်၊ တပ်ကမဆရ ၄ ဆေးရုံမှာ ခွဲစိတ်ပေးထားတယ် သေနတ်ဒဏ်ရာက၂ ချက်ပါ၊ ဆီးခုံနဲ့ကျောကုန်းမှာမှန်တာ ခုထိတော့ ကုသနေတုန်း မသေတော့မသေသေးဘူး”လို့ စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

ပစ်ခတ်မှုကို ဧရာဝတီစစ်ဒေသခွဲကွပ်ကဲရေး နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မော်ကျွန်း ပကဖ ဧရာဝတီလင်းပိုင်မော်ကျွန်းနှင့် Bogalay Dolphin People’s Defence Force(Ayeyarwaddy Guerilla Force)အဖွဲ့တို့မှ ပူးပေါင်းပြီးပစ်ခတ်ရှင်းလင်းခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

ကျော်တင့်ဦးဟာ စစ်ကောင်စီရဲ့မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦးဖြစ်ပြီး မောင်လမြိုင်ကျွန်းမြို့မဘသ ဥက္ကဋ္ဌလည်းဖြစ်​​ပြီး၊ ပြည်သူများအား နည်းမျိုးစုံဖြင့် ဒုက္ခပေးခြင်း ၊ မတရားပုဒ်မများဖြင့် ပြည်သူများ ဒုက္ခရောက်အောင် ပူးပေါင်းဆောင်ရွက်ခြင်း ၊ Social Media မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားဆဲဆို စိန်ခေါ်ခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။

ပြီးခဲ့တဲ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က မော်လမြိုင်ကျွန်း STF၊ ဝါးခယ်မ STF နှင့် ဧရာဝတီလင်းပိုင်အဖွဲ့တို့ ပူးပေါင်းပြီး ဦးကျော်တင့်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပေမယ့် လက်မောင်းကိုသာထိမှန်ပြီး ဆေးရုံတက်ရောက်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။