ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်း စစ်ကောင်စီတပ်သည် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ပြည်သူပိုင်ပစ္စည်းများအား ခိုးယူဖျက်ဆီးသည့်အပြင် ဒေသခံအဖွားအိုတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်သည် ယမန်နေ့ ဖေဖော်ဝါရီ ၂၄ ရက်၊ နံနက်ပိုင်းက ပေါက်မြို့နယ်၊ ရေပြာကျေးရွာမှ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာပြီး စံဖဲကျေးရွာနေ အသက် (၆၆) နှစ်အရွယ် အဖွားဒေါ်တိုးရီကို အကြောင်းမဲ့ ပစ်သတ်သွားကြောင်း သိရသည်။

“သူတို့က(စကစ) ရွာတွေနားကို ရောက်ပြီဆိုရင် သေနတ်တွေ ပစ်ဖောက်ပြီးဝင်တယ်။ ပြည်သူတွေ ပြေးကြ၊ ရှောင်ကြတာပေါ့။ အဖွားက သူတို့(စကစ)ဝင်လာမှ ပြေးတော့ အဖွားကို ပစ်သတ်သွားတယ်။ မနက် ၉ နာရီလောက်မှာပါ။ အဲဒီနောက် ရေတိမ်ရွာ၊ ကျွန်းတောရွာတွေဘက်ကနေ ရှခွာကြီးရွာဘက်ကို ထွက်ခွာလာပြီး ရှခွကြီးရွာထဲကို လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူ့နေအိမ်တွေ ပျက်စီးခဲ့တယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ကျွန်းတောရွာ၊ စံဖဲရွာ၊ ထန်းငယ်တောရွာ၊ ရှခွကြီးရွာ၊ ရှခွလေးရွာနှင့် ညောင်းဝန်းပေါက်ရွာတို့မှ ဒေသခံပြည်သူ ၃၀၀၀ ကျော်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူဖျက်ဆီးခံရတာ ရှိပါတယ်။ စစ်ကြောင်းထိုးတဲ့ လမ်းတစ်လျှောက်က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်ရှောင်နေရပါတယ်။ စကစစစ်ကြောင်းဟာ အခုလက်ရှိမှာ ပျူရွာတရွာဖြစ်တဲ့ ယာကြီးပြင်ရွာကို ရောက်ရှိနေတယ်။ ဘယ်ကိုဦးတည်မယ်ဆိုတာတော့ မသိရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် အာဏာသိမ်း စစ်ကောင်စီတပ်သည် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင်လည်း ကျွန်းတောရွာနှင့် ရှခွကြီးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ့နေအိမ်များ ထပ်မံပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယာကြီးပြင်ကျေးရွာသည် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးရွာဖြစ်သည့်အပြင် စစ်ကောင်စီတပ်နှင့်ပေါင်း၍ ပခုက္ကူ-မင်တပ် ကားလမ်းမတွင် ဂိတ်ချထိုင်ကာ ပြည်သူများဆီမှ ငွေကြေးတောင်းခံခြင်း နှင့် အခန့်မသင့်ပါက ပစ္စည်းသိမ်းယူခြင်းများ ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။