နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မုံရွာ)၊ ဖေဖော်ဝါရီလ ၂၅ ရက်

စစ်ကောင်စီတပ်ရဲ့ အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခံရမှုတွေကြောင့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ဒေသခံတွေဟာ စိုက်ပျိုးရေးလုပ်ကိုင်ဖို့အခက်အခဲတွေဖြစ်နေကြတယ်လို့ သိရပါတယ်။

တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းနားမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ၂၀၂၃ ခုနှစ်ထဲမှာတင် အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စိုက်ခင်းတွေပျက်စီးပြီး စားဝတ်နေရေးပါ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ရွာကိုဝင်စီးပြီး မီးရှို့တိုင်း နေအိမ်တွေရော စိုက်ခင်းတွေပါ ပျက်စီးတာ၊ အကြိမ်ကြိမ်မီးရှို့နေတာခံရတော့ စိုက်ခင်းတွေလည်းမရှိတော့ဘူး၊ ခုစားဝတ်နေရေးပါအခက်အခဲဖြစ်နေတာ”လို့ မိုးကြိုးပြင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့တာ အကြိမ်ကြိမ်ခံနေရတဲ့ ကျေးရွာတွေမှာ အရင်က ပဲ၊ ပြောင်း၊ နှမ်း၊ ငရုတ်၊ ကွမ်းနဲ့ ကြက်သွန်နီ စတဲ့ စိုက်ပျိုးသီးနှံတွေကို စိုက်ပျိုးပြီး ဝမ်းစာရှာသူများတယ်လို့ ဆိုပါတယ်။

အဆိုပါ မုံရွာအနောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က ၃ ကြိမ်တိုင်တိုင် ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့တဲ့အပြင် စိုက်ခင်းတွေပါ မီးရှို့ဖျက်ဆီးခဲ့လို့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလို့ ဒေသခံတွေကပြောပါတယ်။

#စစ်ကောင်စီ #စစ်ကြောင်းထိုး #မီးရှို့ #မုံရွာအနောက်ဘက်ခြမ်း #ဒေသခံ #စိုက်ပျိုးရေး #အခက်တွေ့
#Ayeyarwaddy_Times