ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၅ ရက်
စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ်၊ မင်းရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ဖွဲ့အား အရာတော်မြို့နယ် PDF ပူးပေါင်း အဖွဲ့ ၈ ဖွဲ့မှ တိုက်ခိုက်သဖြင့် စစ်ကောင်စီဘက်မှ ၁၃ ဦး ထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှလည်း ထိခိုက်ကျဆုံး မှု့များရှိကြောင်း မန္တလေးခရိုင်း အမှတ် ( ၅ ) တပ်ရင်း MN.PDF အဖွဲ့ထံက သိရသည်။
မင်းရွာသို့ စစ်ကြောင်းထိုး၍ မီးတင်ရှို့ရန် ရောက်ရှိနေသည့် အင်အား ၂၀၀ခန့်ပါ ပါစစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ပိုင်းတွင် အရာတော်မြို့နယ် PDF ပူးပေါင်း အဖွဲ့ ၈ ဖွဲ့မှ မင်းရွာအနီးတွင် တိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် မင်းရွာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမရှိသည့် စစ်ကောင်စီတပ်သည် ညနေပိုင်းတွင် ရဟတ်ယာဉ်များကို စစ်ကူခေါ်ကာ ရွာကိုစီးနင်း၍ မီးရှို့ဖျက်ဆီးခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၃ ဦးထက်မနည်း သေဆုံးကာ တော်လှန်ရေးရဲဘော်များ ဘက်မှ ၇ ဦးကျ ဆုံးခဲ့ကြောင်းသိရသည်။
“ဒီကောင်တွေက အင်အား ၂၀၀ လောက်နဲ့ မင်းရွာထဲကိုစစ်ကြောင်းထိုးဝင်လာတာ။ ကျွန်တော်တို့ကို ကျေးရွာ ပကဖတွေ စစ်ကူတောင်းလို့လာတာ တိုက်ပွဲက အခုထိ ဖြစ်နေတုန်းပါ။ ၂၂ ရက်နေ့ ညမှာ လေယာဉ်နဲ့လာပစ်တယ်။ ပြီးမှရွာထဲဝင်ပြီး မီးရှို့ နိုင်တာပါ။ အဓိကကတော့ ကျွန်တော်တို့ထောက်ပို့လမ်းကြောင်းတွေကိုဖြတ်ချင်တဲ့ သဘောရှိပါတယ်။ ဒေသအတွင်းမှာ တည်ငြိမ်မှုမရှိ သေးတာကြောင့် ဘယ်အဖွဲ့က ထိခိုက် ကျဆုံးတယ်ဆိုတာကိုတော့ အတည်ပြုလို့မရသေးပါဘူး “ ဟု မန္တလေးခရိုင်း အမှတ် ( ၅ ) တပ်ရင်း MN.PDF အဖွဲ့ ၏ ပြန်ကြားရေတာဝန်ခံက ဧရာဝတီတိုင်းမ် ကိုပြောသည်။
စစ်ကောင်စီဘက်မှ လေယာဉ်ပစ်ကူများ လာရောက်ချိန်တွင် တော်လှန်ရေးရဲဘော်များမှ ကျည်ကွယ်ဘက်တွင်ရှောင်နေခဲ့ပြီး လေယာဉ်ပြန်လည်းထွက်ခွာချိန်တွင် သက်စောင့် ကျည်ချန်၍ ပြန်လည် ဆုတ်ခွာခဲ့ကြောင်းသိရသည်။
မင်းရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား မန္တလေးခရိုင်း အမှတ် ( ၅ ) တပ်ရင်း MN.PDF ၊ LPDF စဉ့်ကိုင် ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ ငါန်းဇွန်း ၊ Burma independence Army ၊ Ah Nyar Myay Special Commando Defense Force ၊ One LPDF ၊ The PENTAGRAM နှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။