ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၅ ရက်

ရန်ကုန်မြို့တွင် နိုင်ငံကူးလက်မှတ်များကို Online Booking စနစ်ဖြင့် ယမန်နေ့မှစတင်ပြီး လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကြေညာပြီးနောက် ယင်း၀က်ဆိုက်ထဲသို့ပင် ၀င်ရောက်၍မရကြောင်း လျှောက်ထားသူများထံမှ သိရှိရသည်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် Passport ရုံးကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်နေ့တွင် စတင်ပိတ်ထားခဲ့ခြင်းဖြစ်သည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးကို ယမန်နေ့မှပြန်လည်၍ လုပ်ငန်းစဉ်များစတင်ခဲ့ပြီး အွန်လိုင်းမှတစ်ဆင့်လျှောက်ထားသူ များကိုသာ ထုတ်ပေးသွားမည်ဖြစ်ပြီး အဆိုပါစနစ်ကို ရန်ကုန်မြို့၌သာ ကျင့်သုံးသွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရုံးခွဲများတွင်ပုံမှန် အတိုင်းထုတ်ပေးသွားမည်ဟု မြန်မာနိုင်ငံကူးလက် မှတ်ထုတ်ပေးရုံးမှ ထုတ်ပြန်ထားသည်။

“မနေ့က မနက်ပိုင်းကတည်းက ၀င်ကြည့်နေတာ မရ ဘူး။ အဝိုင်းပဲလည်နေတာ။ လူတွေများနေလို့ ၀င်လို့ မရတာလို့လည်း ကြားတယ် သေချာမသိရဘူး။ ညီမသူငယ်ချင်းအချို့ကြတော့ ၀က်ဆိုက်ထဲတော့၀င်လို့ရတယ်၊ ပိုက်ဆံသွင်းပြီးရင် ကျန်တာဘာမှတက်မလာတော့ဘူး။ လုပ်ရတာအဆင်မပြေဘူး။ သူတို့ပေးထားတဲ့ ဖုန်းကဆက်လို့မရဘူး၊ ၀င်လည်းမ၀င်ဘူး” ဟု လျှောက်ထားသူအမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ လျှောက်ထားမှုတွင် သတ်မှတ်နှုန်းထားအတိုင်း တစ်ပါတည်း ပေးဆောင်ရမည်ဖြစ်ပြီး အချိန် အကန့်အသတ်မရှိ ထုတ်ယူနိုင်ကြောင်းနှင့် အခက်အခဲရှိသူများအနေဖြင့် သက်ဆိုင်ရာရဲစခန်းများမှတစ်ဆင့် ကူညီတောင်းခံလျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

နိုင်ငံကူးလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားရာတွင် အသစ်ဆိုလျှင် ငွေကျပ် ၃၅၀၀၀၊ ပျက်ဆီးပျောက်ဆုံးများ လျှောက်ထားလျှင် ငွေကျပ် ၇၅၀၀၀ နှင့် ပြည်ပတွင်နေထိုင်သူများ ပြန်လည်လျှောက်ထားလျှင် ကန်ငွေ ၇၅ ဒေါ်လာနှင့် အညီ မြန်မာငွေကျပ် ပေးသွင်းလျှောက်ထားရမည် ဖြစ်ကြောင်း သိရှိရသည်။

Green Channel ဖြင့် Passport လျှောက်ထားသူများ အနေနှင့် Online Booking စနစ်ဖြင့် ရက်ချိန်းစောင့် ဆိုင်းရန်မလိုဘဲ သက်ဆိုင်ရာ၀န်ကြီးဌာနများ၏ ညွှန်ကြားရေးမှူးချုပ်အဆင့်နှင့်အထက် တာ၀န်ရှိသူတစ်ဦး၏ လက်မှတ်ရေးထိုးထောက်ခံချက်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးသို့ စာဖြင့် ကြိုတင်လျှောက်ထားနိုင်ကြောင်း Passport ရုံးနှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။

လျှောက်ထားသူများအနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနှင့် မိတ္တူ ၂ စုံ၊ အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ ၂ စုံ၊ အသက် ၁၀ နှစ်အောက်ဖြစ်လျှင် မွေးစာရင်းမူရင်းနှင့် မိတ္တူ ၂ စုံကို အထောက်အထားတင်ပြ လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိရသည်။

#စစ်ကောင်စီ #နိုင်ငံကူးလက်မှတ် #Online #စနစ် #လျှောက်ထားမှု #အဆင်မပြေ
#Ayeyarwaddy_Times