ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၅ ရက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် လွှတ်တော်အမတ်၏သမီးနှင့်ဇနီးအပါဝင် ပြည်သူ ၁၀ဦးကို စစ်ကောင်စီတပ်က ယမန်နေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ ညနေ ၄ နာရီခန့်က အောင်ချမ်းသာရပ်ကွက်ရှိ ဂန္တဝင်တောက်ကြီး လ္ဘက်ရည်ဆိုင်တွင် လွှတ်တော်အမတ် ဒေါက်တာဝင်းအောင်၏ သမီးနှင့်ဇနီးအပြင် လ္ဘက်ရည်သောက်နေသော လူငယ်၄ဦး၊ ဗလီကွေ့အနီးတွင် အမျိုးသမီး၁ဦး အပါဝင်ကလေး၃ဦး တို့ကိုဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း KSOအဖွဲ့ထံမှသိရသည်။
“အဖမ်းခံရသူတွေက လွတ်တော်အမတ်ရဲ့သမီးနဲ့ဇနီးအပြင် ကလေးအမေတွေ၊ လူငယ်တွေ ၁၀ဦးကျော်တယ်လို့ကြားတယ်။ ညနေမိုးချုပ်ခါနီးမှာ ကလေးအမေ သားအမိ ၂ဦးကို ပြန်လွှတ်ပေးတယ်လို့သိရတယ်။ လွှတ်တော်အမတ်ရဲ့အိမ်ကလဲ ချိတ်ပိတ်ခံထားရတာကြာနေပြီ။ သူရဲ့သမီးနဲ့ဇနီးက အခြားမှာနေထိုင်နေရတာကို အဖမ်းခံရတာပဲဗျ။ အခုလို အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီး ထောင်ချ လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြပါ။ သူတို့က ဒီထက်ဆိုးတဲ့ လုပ်ရပ်တွေကိုပါ လုပ်နေတာ ဖြစ်တဲ့အတွက် ဒီတော်လှန်ရေးကို ပြည်သူတရပ်လုံးက ဝိုင်းဝန်း ကူညီပေးကြပါ” ဟု Khin U Specialforce Organization-KSO အဖွဲ့၏ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးထားသူများကို ၎င်းတို့အထိုင်ချထားသည့် မင်းသိုက်တိုက်နှင့်မြို့ပေါ်ရှိ စခန်းများတွင် လူစုခွဲပြီး ဖမ်းဆီးထားကြောင်း သိရသည်။
ခင်ဦးမြို့တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် စစ်ကောင်စီတပ်အင်အား တိုးချထားကာ ဖမ်းဆီးနေခြင်းဖြစ်ပြီး ယခင်ကလည်း ဒေသခံပြည်သူ ၁၀၀ကျော်ကို ဖမ်းဆီး ထောင်ချခဲ့ကြောင်း KSO အဖွဲ့ထံက သိရသည်။
#စစ်ကိုင်းတိုင်း #ခင်ဦးမြို့နယ် #လွှတ်တော်အမတ် #ဇနီးနှင့်သမီး #စစ်ကောင်စီတပ် #ဖမ်းဆီး #Ayeyarwaddy_Times