ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၅ ရက်
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူရဲစခန်းတွင် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်၊ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အဆိုပါရဲစခန်း မီးလောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ အဆိုပါရဲစခန်းကို ယနေ့ နံနက် ၆ နာရီခန့်က စတင်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အဆောက်အဦ အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“အခုမီးလောင်ပြာကျခဲ့တဲ့ နေရာက ရဲစခန်းမှာရှိတဲ့ ပြည်သူတွေဆီက ပိုက်ဆံကောက်နေတဲ့ ဂိတ်ပေါ့။ အဲဒီဂိတ် မီးလောင်ပြာကျသွားတယ်လို့ သိရပါတယ်ဗျ။ ခွေးတွေဘက်ကလည်း ၂ ယောက်သေတယ်လို့ သိရတယ်။ PDF တွေဘက်က ၄ ယောက် မစိုးရိမ်ရဒဏ်ရာ ရတယ်ပေါ့။ အဲဒီလို သိရတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နှစ်ဖက်တိုက်ပွဲသည် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်ထိ ဖြစ်ပွါးခဲ့ပြီး ဘုရားသုံးဆူ ရဲစခန်းဝန်းထဲရှိ ပြည်သူများဆီမှ ပိုက်ဆံကောက်နေသည့် ဂိတ်မှာ မီးလောင်ပြာကျသွားကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။
စစ်လော်ဘီများ၏ လူမူကွန်ရက်စာမျက်နှာတွင် ဘုရားသုံးဆူ ရဲစခန်းအား PDF စောအဲပွေအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲ ၄ ဦး ဒဏ်ရာရရှိကာလက်နက်ကြီးဒဏ်ကြောင့် ရဲစခန်းအတွင်းရှိ ထမင်းစားဆောင် မီးလောင်နှင့် PDF များ စီးနင်းလာသည့် 4Wheel ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ ဘုရားသုံးဆူ ရဲစခန်းကို မည်သည့်အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်းနှင့် တိုက်ပွဲအတွင်း သေဆုံးထိခိုက်မှုကိုမူ ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ဓာတ်ပုံ-ပေးပို့
#Ayeyarwaddy_Times