ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၅ ရက်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေး ကြေညာထားသည့်ဒေသများတွင် တည်ငြိမ် အေးချမ်းရေးကို ဦးစားပေးဆောင်ရွက်နေသည်ဟုဆိုကာ စစ်ကြောင်းထိုးခြင်း၊ နေအိမ်မီးရှို့ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို နေ့စဉ် လုပ်ဆောင်လျှက်ရှိ ကြောင်းသိရသည်။

ယမန်နေ့ ဖောဖော်ဝါရီလ ၂၃ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် စစ်အုပ်ချုပ်ရေး အမိန့်များထုတ်ပြန်၍ တည်ငြိမ် အေးချမ်းရေးကို ဦးစားပေး ဆောင်ရွက်နေကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီတပ်က ပေါက်နဲ့မြိုင်မှာ မာရှယ်လောထုတ်ပြီးနောက်ပိုင်း နေ့စဉ်စစ်ကြောင်း ထိုးနေတယ်။ စစ်ကြောင်း ၃ ကြောင်းနဲ့ နယ်လှည့်ပြီးစစ်ကြောင်းထိုးနေတာပါ။ စစ်ကြောင်း တစ်ကြောင်းမှာ အင်အား ၅၀ ဝန်းကျင်ပါတယ်။ သူတို့ဖြတ်တဲ့ရွာတိုင်းကို မီးရှို့ရင်ရှို့၊ မရှို့ရင်ဖျက်ဆီး လုယက်သွားတာမျိုးလုပ်တယ်။ ဒါမျိုးက ရပ်ရွာတည် ငြိမ်အေးချမ်းအောင် လုပ်နေတာလား” ဟု မြိုင်(ပကဖ) ဗိုလ်လက်ယာက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်များသည် စစ်အုပ်ချုပ်ရေး နယ်မြေဟု ကြေညာထားသည့် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လှည့်လည်စစ်ကြောင်းထိုး၊ မီးရှို့လျက်ရှိပြီး စစ်အုပ်ချုပ်ရေးကြေညာပြီး နောက်ပိုင်း ထိတွေ့တိုက်ပွဲများ ၁၀ ပွဲနှင့်အထက် ဖြစ်ပွား ခဲ့ကြောင်း မြိုင်(ပကဖ)ထံက သိရသည်။

ထို့ပြင် အာဏာသိမ်းစစ်ခေါင်းဆောင်က ယခုကဲ့သို့ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ခြင်းသည် ပြည်သူများအပေါ် ထိန်းချုပ်ကန့်သက်ခြင်း မဟုတ်ဘဲ ဒေသခံများ၏ အကျိုးစီးပွားကို ထိခိုက်နေသူများ၏ လုပ်ဆောင်ချက်ကို တားမြစ်ရန်ဟုဆိုထား ပြန်သည်။

ထိုသို့ ဆိုထားသော်လည်း စစ်ကောင်စီသည် မာရှယ်လောထုတ်ပြန်ထားသည့် နေရာများတွင် ည၆ နာရီမှ မနက်၆နာရီအတွင်း ညမထွက်ရအမိန့်များထုတ်ပြန်၍ ဒေသခံများ၏ စီးပွားရေး၊ ကျန်းမာရေး နှင့် လူမှုရေးများကို ခက်ခဲစေခဲ့သည်။

“ရေးမှာဆိုရင် ညမထွက်ရအမိန့်ထုတ်တော့ ဥယျာဉ်ခြံသမားတွေ၊ လက်လုပ် လက်စားတွေက ဒုက္ခရောက်ကြရတယ်။ စစ်အုပ်ချုပ်ရေးကြေညာထားတယ်ဆိုပြီး သူတို့လက်အောက်ခံတွေက ပြည်သူတွေကို ထင်သလိုလုပ်တယ်။ လမ်းမှာတွေ့ရင် ပိုက်‌ဆံတောင်းတယ်။ ဖုန်းတွေ့ရင် အပိုင်ယူလိုက်တာလဲရှိတယ်။ အလုပ်သမားတွေက ၆ နာရီနည်းနည်းစွန်းပြီး အိမ်ပြန်နောက်ကျရင်တောင် စစ်ဖိနပ်နဲ့ကန်တာမျိုးရှိတယ်။ အကန်ခံရတဲ့ဒဏ်ရာကိုလည်း ဆေးခန်းမပြနိုင်တာမျိုးရှိတယ်” ဟု စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ရေးမြို့ရှိ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဟုဆိုကာ မြို့နယ်ပေါင်း ၄၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး‌အမိန့်ထုတ်ပြန်၍ လေကြောင်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုး၍ ကျေးရွာများအား မီးရှို့ခြင်းတို့ကို နေ့စဉ်နှင့်အမျှ လုပ်ဆောင်လျှက်ရှိသည်။

#စစ်အုပ်ချုပ်ရေး #စစ်ခေါင်းဆောင် #စစ်ကြောင်းထိုး #မီးရှို့ #Ayeyarwaddy_Times