ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဖေဖော်ဝါရီလ ၂၄ ရက်

မင်းတပ်မြို့တွင် ဆန်တစ်အိတ်ကို ငါးသောင်းဝန်းကျင်အထိ ဖေဖော်ဝါရီလ၊ ပထမပတ်ခန့်မှ ဈေးမြင့်တက်ခဲ့ပြီး အခြားကုန်ဈေးနှုန်းများလည်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မင်းတပ်မြို့နယ်တွင် ကုန်စည်တင်ပို့မှုများကို ကန့်သတ်ပိတ်ပင်ခြင်းကြောင့် ဆန်းဈေးနှင့် အခြားကုန်ဈေးနှုန်းများလည်း ဈေးမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

“အာဏာမသိမ်းခင်မှာတော့ ဆန်တစ်အိတ်ကို ၂ သောင်းဝန်းကျင်ပါ။ အာဏာသိမ်းပြီး စစ်ဖြစ်လာတော့မှ ၄ သောင်းကျော်အထိ ဈေးမြင့်တက်လာပါတယ်။ လောလောဆယ်တော့ ၄ သောင်း ၈ ထောင်လောက်ရှိနေပါတယ်။ စစ်ကောင်စီတပ်က ကုန်စည်တင်ပို့မှုတွေကို ကန့်သတ်ပိတ်ပင်တာလည်းပါတယ်။ ပြီးတော့ ၂၀၂၃ ခုနှစ်မှာ စစ်ရေးပြင်းထန်လာမယ်လို့ NUG အစိုးရရော CDF/PDF တွေကလဲ ပြောလာတော့ ကုန်သည်တွေက ကိုယ်စားစရာမကျန်ဘဲ ဖြစ်နေမှာစိုးရိမ်ကြတဲ့အတွက် အခုလို ဈေးနှုန်းမြင့်တက်တာလို့လည်း မြင်ပါတယ်ဗျာ´´လို့ မင်းတပ်မြို့၊ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ယခင်၊ အာဏာမသိမ်းမီအချိန်က မင်းတပ်မြို့နယ်၊ ဒေသခံပြည်သူများသည် တောင်ယာခုတ်ပြီး ဆပ်နီ၊ ဆပ်ဝါ၊ပြောင်းဖူး၊ စပါး၊ ပိန့်းဥနှင့် အခြားသီးနှံများကို အဓိကစိုက်ပျိုးခဲ့ပြီး စားဝတ်နေရေးအတွက် ဆင်ပြေချောမွေ့နေသော်လည်း လက်ရှိအချိန်တွင်မူ ပြည်သူများခက်ခဲစွာ ရုန်းကန်စားသောက်နေရကြောင်းသိရသည်။

မင်းတပ်မြို့သို့ တင်ပို့မည့် ဆန်အပါအဝင် ကုန်စည်အမျိုးမျိုးကို စစ်ကောင်စီတပ်က တင်းကြပ်စွာ ကန့်သတ်ထားပြီး ပြည်မဘက်မှ ကုန်စည်တင်သွင်းရန်အတွက်လည်း စစ်ကောင်စီထံ ခွင့်ပြုချက်တောင်းခံရကြောင်း ကုန်သည်တစ်ချို့ထံမှ သိရသည်။

လက်ရှိမင်းတပ်မြို့နယ်တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းပါ ​ဖြတ်တောက်ထားပြီးသတင်းအချက်အလက်များရရှိနိုင်ရန် အခဲကြုံနေရသည်။
#မင်းတပ် #​ကုန်တင်ပို့မှု #စစ်ကောင်စီ #ပိတ်ပင် #ဆန် #အ