နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဖေဖော်ဝါရီလ ၂၅ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်ရင်း ၂၇ ထဲ စစ်ကောင်စီတပ်သား အင်အား လျော့နည်းနေလို့ လုံခြုံရေးအတွက် ခြံစည်းရိုး ကာရံတာတွေကို ကြံ့ခိုင်ရေးပါတီဝင်တွေက လုပ်ဆောင်ပေးနေရတယ်လို့ သိရပါတယ်။

ခလရ ၂၇ ကစစ်ကောင်စီတပ်သားတွေဟာ ရှေ့တန်း ထွက်နေရတာကြောင့် နောက်ချန်အင်အား ၂၀ လောက်သာရှိလို့ ကြံ့ခိုင်ရေးပါတီဝင်တွေက ခြံစည်းရိုးနဲ့ အတားဆီးတွေ သွားရောက်လုပ်ပေးနေရတာလို့ စစ်ကောင်စီနဲ့နီးစပ်သူတွေကပြောပါတယ်။

” အခြားဆင့်ရော အရာရှိရော ပေါင်းမှာ အားလုံး ၂၀ လောက်ပဲတပ်ထဲကျန်တာ၊ ဗဟိုကင်းမှာ ၆ ဦးထားလိုက်တော့ လူကမလောက်တော့ဘူး၊ အဲ့တာကြောင့် ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ သတင်းပေးတွေက လာလုပ်ပေးနေရတာ”လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

မအူပင်မြို့အခြေစိုက် စစ်ကောင်စီတပ် ၂၇ က ရှေ့တန်းထွက်နေချိန် နောက်ချန်အင်အား နည်းပါးတာကြောင့် မြို့လုံခြုံရေးစောင့်ဖို့အင်အား မလုံလောက်တဲ့အပြင် တပ်တွင်းမှာပါ ကင်းစောင့်ဖို့ လူအင်အားမလုံလောက်ဖြစ်နေတာလို့ဆိုပါတယ်။

မအူပင်မြို့ပေါ် လုံခြုံရေးစစ်ဆေးတာနဲ့ ကင်းစောင့် တာတွေကို စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်နဲ့ သတင်းပေးတွေကပါဝင်လုပ်ဆောင်နေတာလို့ ဒေသခံတွေကပြောပါတယ်။