ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်

အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ နိုင်ငံကူးလက်မှတ်နဲ့ မှတ်ပုံတင်ကတ်အသစ် လျှောက်ထားမှုကို ဘင်္ဂလားဒေ့ရှ်အစိုးရက နိုဝင်ဘာ ၉ ရက်မှာ ပယ်ချလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဟူမိုင်ယွန်းကာဘီယာက “ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြမ်းဖက်သမားတွေကို နိုင်ငံကူးလက်မှတ် ထုတ်ပေးမှာ မဟုတ်ဘူး” လို့ ဒါကာမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အသက် ၇၉ နှစ်အရွယ် ရှိတ်ခ်ဟာဆီနာဟာ လာမယ့် ဒီဇင်ဘာလအတွင်း မိခင်နိုင်ငံကို ပြန်လာဖို့ စီစဉ်နေပြီး တရားရုံးမှာ ရင်ဆိုင်ဖို့အတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေကို ထောက်ရှုပြီး သာမန် ခရီးသွားတစ်ဦးအဖြစ် စဉ်းစားပေးစရာ အကြောင်းမရှိကြောင်းနဲ့ သူ့ကို ပြန်လည်လွှဲပြောင်းပေးဖို့ အိန္ဒိယထံ စာတွေ ပို့ထားတယ်လို့ ကာဘီယာက ပြောပါတယ်။

ရှိတ်ခ်ဟာဆီနာဟာ ထွက်ပြေးလွတ်မြောက်နေတဲ့ ရာဇဝတ်သား တစ်ဦးဖြစ်တာကြောင့် အိန္ဒိယနဲ့ ချုပ်ဆိုထားတဲ့ တရားခံလွှဲပြောင်းရေး စာချုပ်အတိုင်း တရားဝင် လွှဲပြောင်းပေးအပ်ဖို့ ဘင်္ဂလားဒေ့ရှ်က တောင်းဆိုထားပါတယ်။

တာရစ်ခ်ရာမန် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ရှိတ်ခ်ဟာဆီနာကို နိုင်ငံအတွင်း ပြစ်ဒဏ်ချမှတ်နိုင်ဖို့နဲ့ တရားဥပဒေအတိုင်း ဆောင်ရွက်နိုင်ဖို့ ပြန်လည်လွှဲပြောင်းရယူနိုင်ရေး ကြိုးပမ်းနေပါတယ်။

ဘင်္ဂလားဒေ့ရှ် စစ်ခုံရုံးက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျောင်းသား ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွဲဖို့ အမိန့်ပေးခဲ့မှုအတွက် ရှိတ်ခ်ဟာဆီနာကို မျက်ကွယ်သေဒဏ် ချမှတ်ခဲ့ပါတယ်။

ရှိတ်ခ်ဟာဆီနာက ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးခဲ့ရပြီး အဆိုပါ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

မိုဟာမက်ယူနွတ် ဦးဆောင်ခဲ့တဲ့ ကြားဖြတ်အစိုးရလက်ထက်မှာ ရှိတ်ခ်ဟာဆီနာရဲ့ လက်ရှိ နိုင်ငံကူးလက်မှတ်နဲ့ မှတ်ပုံတင်တို့ကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

ရှိတ်ခ်ဟာဆီနာရဲ့ ဥပဒေအကျိုးဆောင်အဖွဲ့က နယူးဒေလီမြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးထံ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ နိုင်ငံကူးလက်မှတ်အသစ် ပြန်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ရှေ့နေချုပ် အမီနူးလ်အစ္စလာမ်က ရှိတ်ခ်ဟာဆီနာအနေနဲ့ ပြန်လာမှာ မဟုတ်ဘဲ ဒီလိုလှုပ်ရှားမှုတွေဟာ နိုင်ငံရေးအရ ဟန်ပြလုပ်ဆောင်တာလို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ဆာလာဟွဒ်ဒင်းအာမက်က ရှိတ်ခ်ဟာဆီနာရဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုဟာ တရားဝင်မှု ရှိမရှိနဲ့ လျှောက်ထားပိုင်ခွင့် ရှိမရှိတို့ကို စိစစ်နေတယ်လို့ ဆိုပါတယ်။

ရှိတ်ခ်ဟာဆီနာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်ဝင်ရောက်လာပါက နိုင်ငံရေး တင်းမာမှုတွေ မြင့်တက်လာနိုင်သလို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ဆက်ဆံရေးအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေပါတယ်။

News: The Telegraph
Ref; Bangladesh rejects Sheikh Hasina’s travel document request: No passport for ‘terrorist