ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်

ဖလော်ရီဒါပြည်နယ်၊ ဖက်ဒရယ်တရားသူကြီးတစ်ဦးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ BBC သတင်းဌာနအပေါ် ဒေါ်လာ ၁၀ ဘီလီယံ တောင်းဆိုတဲ့ အသရေဖျက်မှုကို ပယ်ချပေးဖို့ BBC ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ပြီး ဆက်လက်စစ်ဆေးဖို့ ခွင့်ပြုလိုက်ပါတယ်။

တရားသူကြီး ဂျက်ဖရီကွန်းဇ်က ဖလော်ရီဒါပြည်နယ်ရဲ့ တရားမဝင် ကုန်သွယ်မှု ဥပဒေနဲ့ တောင်းဆိုထားတဲ့ ဒုတိယမြောက် တောင်းဆိုချက်ကိုတော့ ပယ်ချခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ အမေရိကန် ကက်ပီတိုလ် လွှတ်တော်အဆောက်အအုံ အကြမ်းဖက်မှု မဖြစ်ခင်မှာ ဒေါ်နယ်ထရမ့် ပြောခဲ့တဲ့ မိန့်ခွန်းရဲ့ အပိုင်းအစနှစ်ခုကို BBC ရဲ့ Panorama အစီအစဉ်က ဖြတ်ညှပ်ကပ် လုပ်ပြီး ထုတ်လွှင့်ပြခဲ့ပါတယ်။

တရားသူကြီးက ရုပ်သံတည်းဖြတ်ပုံစံက အချက်အလက်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လိမ်လည်ပြသခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်က ခိုင်လုံနိုင်ခြေရှိတယ်လို့ မှတ်ချက်ပေးပါတယ်။

ဒေါ်နယ်ထရမ့်က ဒီဆုံးဖြတ်ချက်ကို Truth Social လူမှုကွန်ရက်ပေါ်မှာ ကြီးမားတဲ့ အနိုင်ရရှိမှုတစ်ခုပါပဲလို့ ရေးသားပြီး ကျေနပ်ကြောင်း ပြောပါတယ်။

BBC သတင်းဌာန၊ ပြောရေးဆိုခွင့်ရှိသူက ဒီဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်ရပေမဲ့ တရားရုံးရဲ့ အာဏာကို လေးစားကြောင်း၊ တရားရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ယုံကြည်ချက်အပြည့်နဲ့ ရင်ဆိုင်မယ်လို့ ပြောပါတယ်။

တရားသူကြီးက အခုလို အမိန့်ချမှတ်တာဟာ အမှုရဲ့ အနှစ်သာရ ဒါမှမဟုတ် အပြီးသတ် အနိုင်အရှုံးကို ဆုံးဖြတ်တာ မဟုတ်ဘဲ အမှုက ဆက်ရပ်တည်ခွင့် ရှိ မရှိကိုပဲ စစ်ဆေးတာလို့ ရှင်းပြပါတယ်။

ဒေါ်နယ်ထရမ့်အနေနဲ့ သူ့ရဲ့ တောင်းဆိုချက်တွေကို သက်သေပြနိုင်မလား၊ ထိခိုက်နစ်နာမှုတွေ တကယ်ရှိခဲ့သလားဆိုတာကိုတော့ ရှေ့လာမယ့် တရားခွင်တွေမှာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

BBC သတင်းဌာနက အဲဒီအစီအစဉ်ကို အမေရိကန်နိုင်ငံထဲမှာ ထုတ်လွှင့်ခဲ့တာ မရှိသလို ဥပဒေအရ အသရေဖျက်မှုအတွက် နစ်နာကြေး တောင်းပိုင်ခွင့်မရှိဘူးလို့ လျှောက်လဲခဲ့ပါတယ်။

အရင်က BBC သတင်းဌာနဟာ ဒီလို မှားယွင်းစွာ တည်းဖြတ်ခဲ့မိတာကြောင့် တောင်းပန်ခဲ့ဖူးပြီး အဆင့်မြင့်အရာရှိတချို့ ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့လက တရားရုံးရဲ့ အမိန့်အရ ဒေါ်နယ်ထရမ့်ဟာ ဒီဇင်ဘာလ ၁၁ ရက် နောက်ဆုံးထားပြီး ဒီအမှုနဲ့ပတ်သက်လို့ ကျမ်းကျိန်ထွက်ဆိုချက်တွေ ပေးရမယ့် တာဝန်ရှိနေပါတယ်။

News: BBC
Ref; Judge allows Trump’s $10bn defamation case against BBC to proceed