ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၄ ရက်

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ချင်းတွင်း​မြစ်အတွင်း သွားလာနေသည့် မော်တော်ယာဥ်များပေါ်မှ ပစ္စည်းများကို ပျူစောထီးအဖွဲ့ဝင်များမှ အဓမ္မ သိမ်းယူနေကြောင်း ဒေသခံများထံမှ သိရသည်။

လိုင်းမော်တော်ယာဥ်များပေါ်မှ ပါလာသည့်ပစ္စည်းများကို စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများနှင့် ရှမ်းနီတပ်များပူးပေါင်ကာ သိမ်းယူပြီးနောက် ကျပ်ငွေ ၅ သိန်းဖြင့် ပြန်လည် ရွေးယူခိုင်းကြောင်း ဒေသခံများမှ ပြောသည်။

“ဟုမ္မလင်းနဲ့ လှိုင်းပြေးနေတဲ့ ရှပ်ပြေး ခရီးသည်တင် စက်လှေ၊ မော်တော်ယာဥ်တွေက နေ့တိုင်း အစုံအဆန်ရှိနေတယ်လေ၊ လာလေသမျှ လိုင်းစက်လှေတွေကိုတားပြီး အကုန်ယူနေကြတာ။ သိမ်းယူပြီရင် ၅ သိန်းနဲ့ပြန်ရွေးယူကြရတယ်။ လုပ်တာက ဆယ်ကြောင်း စစ်ကောင်စီပျူတွေနဲ့ ရှမ်းနီတပ်တွေပါပဲ သူတို့တွေက အခုဆို ရေကြောင်း ဓားပြတွေဖြစ်နေကြပြီ”ဟု ဖောင်းပြင်ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်သို့ပြောသည်။

ဒါ့ပြင် ဖောင်းပြင်မြို့ပေါ်သို့ ရွှေလုပ်ငန်း လုပ်ကိုင်သူများမှ ပန့်၊ ပန်ကာ၊ မော်တာ၊ အင်ဂျင်စသည့် မော်တော်ယာဥ်ဆက်စပ်သည့် စက်ပစ္စည်းများလာပြင်သည့်အခါတွင်လည်း ပျူစောထီးများနှင့် ရှမ်းနီတပ်များက အဓမ္မသိမ်းယူကြောင်း ဒေသခံများထံကဆက်လက်ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ရှမ်းနီတပ်များသည် ဆယ်ကြောင်းကျေးရွာမှာ လက်ရှိအချိန်ထိ တပ်ဆွဲထားပြီး မော်တော်ယာဥ်များပေါ်၌ပါလာသည့် ခရီးသည်များ၏ ပစ္စည်းများကို သိမ်းယူပြီး ငွေတောင်းခံမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ငွေပေးဆောင်ခဲ့ရသည့် ဒေသခံတစ်ဦးမှပြောသည်။

#ချင်းတွင်မြစ် #မော်တော်ယာဥ်ပေါ်ကပစ္စည်းတွေကို
#ပျူရှမ်းနီတွေသိမ်းယူ
#Ayeyarwaddy_Times