ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၄ ရက်
အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန် မှုရှိစေရန်အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအား ပြန်လည်ကောက်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေးတွင် ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သော လူဦးရေ သန်းခေါင်စာရင်းသည် (၁၀)နှစ်နီးပါး ကြာမြင့်ပြီဖြစ်၍ အချက် အလက်များ မှန်ကန်စေရန်အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ပြန်လည်ကောက်ယူ သွားမည်ဟု စစ်ခေါင်းဆောင် မင်း အောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။
“အကြမ်းဖက် စစ်အုပ်စုအနေနဲ့ ဒီကနေ ရရှိလာတဲ့အချက်အလက်တွေကို ကောင်းတဲ့နေရာမှာ အသုံးချမှာ မဟုတ်ဘူးပေါ့နော်။ သူတို့(စကစ)က လိုရင်လိုသလို ဒုက္ခပေးဖို့ အသုံးချမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ပြည်သူလူထုရဲ့ Personal Data တွေကတော့ အကြမ်းဖက် စစ်အုပ်စုဆီ မရောက်တာတော့ အကောင်းဆုံးပေါ့ဗျာ။ ကျွန်တော်တို့အနေနဲ့ကတော့ ပြည်သူလူထုရဲ့ အခက်အခဲကို နားလည်တယ်ပေါ့နော်။ စစ်ကောင်စီအနေနဲ့ သေနတ်ထောက်ပြီး အချက်အလက်တွေ ပေးပါဆိုလည်း ဒါပေးရမယ့် အနေအထားရှိတော့ ပြည်သူလူထုရဲ့ အခက်အခဲကို နားလည်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀/၂၀၂၁/၂၀၂၂ ခုနှစ်များတွင် ကိုဗစ်(၁၉) ရောဂါဖြစ်ပွားမှုကြောင့် သွားလာမှုခက်ခဲခြင်း၊ သေဆုံးမှုများနှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကိန်းဂဏန်း အချက်အလက်များ တိကျမှန်ကန်မှုရှိရန် အားနည်းချက်များရှိနေသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုသည်။
CDM ဗိုလ်ကြီး Victor က “စကစရဲ့ အဓိကရည်ရွယ်ချက်က နိုင်ငံရေးအရ ယုတ္တိတစ်ခုကို တည်ဆောက်နေတာပါ။ အာဏာသိမ်းရတာ မဲစာရင်းမှားတာကြောင့်လို့ အကြောင်းပြ ထားတာကိုး။ ဒီတော့ လဝကရဲ့ သန်းခေါင်းစာရင်းကို ပြန်မပြင်ဘဲနဲ့ ရွေးကောက်ပွဲတစ်ခု ထလုပ်လိုက်ရင် သူတို့ရဲ့ မဲစာရင်းမှားတယ်ဆိုတဲ့ စွပ်စွဲချက်က ယုတ္တိမရှိနိုင်တော့ဘူး။ ဒါ့ကြောင့် ယုတ္တိရှိပုံပေါ်အောင် ဒီလိုလုပ်တာလို့ပဲ မြင်ပါ တယ်။ အောက်ခြေစစ်သားတွေနဲ့ Non CDM တွေကို ယုတ္တိကျကျ ဆက်လိမ်နိုင်ဖို့ ကြိုးစားနေတာပေါ့လေ။ အခုလို နေ့စဉ်တိုက်ပွဲဖြစ်နေတဲ့ကာလမှာ သန်းခေါင်စာရင်းကို ဘယ်လိုမှမှန်အောင် လိုက်မကောက်နိုင်ပါဘူး။ ဟန်ပြလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်နေ့က နိုင်ငံ ရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ပြဌာန်းခဲ့ပြီးနောက် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမည်ဟု ထပ်မံပြောကြားကာ ၎င်းဦးဆောင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအတွက် ခြေတစ်လှမ်း ဆက်လှမ်းခြင်းပင်ဖြစ်သည်။
“ဒီအတုယောင် တရားမဝင် ရွေးကောက်ပွဲနှင့် ပတ်သက်လို့ ကျွန်တော်တို့ရှေ့မှာ ခဏခဏလည်း ပြောပြီးပြီ။ စစ်အုပ်စုဟာ ရွေးကောက်ပွဲတစ်ခုကို လုပ်ခွင့်ရှိတဲ့ တရားဝင်မှု သူ့မှာမရှိဘူး။ တရားဝင်အစိုးရ တစ်ရပ် မဟုတ်ဘူး။ ပြီးတဲ့အခါမှာ လုပ်နိုင်စွမ်းလည်း သူ့မှာ(စကစ) ရှိမနေဘူးပေါ့နော်။ ရှေ့မှာလည်း လုပ်ခဲ့ဖူးတဲ့ သူတို့(စကစ)ပိုက်ဆံပေးလို့ရတဲ့ ၅,၀၀၀ စားတွေကို ခေါ်ပြီးတော့ လုပ်ပွဲလုပ်လိုက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ အဲဒီလိုဖြစ်လာရင်လည်း ဒါဟာ တရားဝင်မှုရှိတဲ့ ရလဒ်တွေ ဖြစ်လာမှာမဟုတ်ဘူး။ အစောကတည်းက အဆိပ်သီးကို ချထား တဲ့အတွက်ကြောင့်မို့လို့ အဆိပ်ပင်ပဲ ပေါက်လာမှာပဲလေ။ အဲဒီကနေ ထပ်ပြီးတော့ သီးပွင့်လာတဲ့ အရာတွေဟာလည်း အဆိပ်ပန်းတွေ၊ အဆိပ်သီးတွေပဲ ဖြစ်နေမှာပဲ” ဟု ဦးနေဘုန်းလတ်က ဆိုသည်။
ယခုအခါတွင် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ အဖွဲ့အစည်းများနှင့် သတင်းပေး ဒလန်များသည် ဧည့်စာရင်းအကြောင်းပြု၍ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ရှိ ရပ်ကွက် ၁၂ ရပ်ကွက်လုံးတွင် လူဦးရေစစ်ဆေးမှုများ၊ ဓါတ်ပုံမှတ်တမ်း ရိုက်ယူမှုများ ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
“ဒါဟာ မြို့ပြကို တစ်ရစ်ချင်းရစ်တာပေါ့။ ကိုယ့်ဘက်ကလူတွေ အဆင်မပြေမှုတွေ ဖြစ်အောင်ပေါ့။ အဓိကကတော့ UG တွေ နေလို့ထိုင်လို့ မရအောင်ပေါ့။ ဒီလိုမျိုး လုပ်တယ်လို့ပဲ မြင်ပါတယ်။ ဒါပေမယ့် အကုန်လုံးက ခေတ်မီနေပြီလေ။ နောက်တစ်ခုက တော်လှန်ရေးလုပ်တာပဲ ၂ နှစ်ကျော်နေပြီဆိုတော့ အကုန်လုံးက UG ပါးဝနေပြီ။ ဒါကြောင့် ကိုယ့်ဘက်ကို များများစားစား ထိခိုက်မယ်လို့တော့ မထင်ပါဘူး။ ဘာလို့လည်းဆိုတော့ အကုန်လုံးက ကိုယ့် Plan နဲ့ကိုယ် သွားနေကြတာ” ဟု Yangon UG Association(YUA) ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် အချက်အလက် မှန်မှန်ကန်ကန်မရနိုင်သည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ယခုကဲ့သို့ ကောက်ယူဖို့ ကြိုးစားခြင်းသည် ကမ္ဘာနိုင်ငံများ နှင့် ဒေသတွင်း အာဆီယံနိုင်ငံများကို လိမ်ညာဖို့ ကြိုးစားခြင်းပင် ဖြစ်သည်ဟု တောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရန်းက ဧရာ၀တီတိုင်းမ် သတင်းဌာနကို ပြောကြားသည်။
“သန်းခေါင်စာရင်းက မဖြစ်နိုင်ဘူး။ ဒါဖြစ်တယ်လို့ သူတို့ပြောရင်လည်း လိမ်တာပဲ။ မြေပြင်အချက်အလက်မှာသန်းခေါင်စာရင်း ကောက်လို့မရတဲ့ မြို့နယ်တွေအများကြီး။ သူတို့(စကစ) အသုံးချဖို့ မျှော်မှန်းထားသလို ဒီသန်းခေါင်စာရင်းကနေ ရလဒ်ထွက်မလာနိုင်ဘူး။ တော်လှန်ရေးလုပ်သူနေတွေဆီကလည်း သန်းခေါင်စာရင်း ရမှာ မဟုတ်ဘူး။ အဓိကပြောချင်တာကတော့ သန်းခေါင်စာရင်း ကောက်တယ်။ ကောက်ပြီးပြီဆိုတဲ့ဟာမျိုးချပြပြီး ကမ္ဘာနဲ့ အာဆီယံနိုင်ငံတွေကို ညာဖို့လုပ်တာ ” ဟု ဦးဇော်ရန်းက ဆိုသည်။