နွေဦးမောင် ဧရာဝတီတိုင်းမ်
(မုံရွာ)၊ ဖေဖော်ဝါရီလ ၂၄ ရက်
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ တာဝကျေးရွာကို ဝင်ရောက်စီးနင်းပစ်ခတ်၍ ညဝင်အိပ်ခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းက ရွာကို မီးတင်ရှို့၍ ဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
စစ်ကိုင်းတိုင်းအတွင်း ရွာစဉ်ပတ် မီးရှို့၊ သတ်ဖြတ် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းက တာ၀ကျေးရွာသို့ ရောက်ရှိကာ ညအိပ်ခဲ့ပြီး ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်သည်။
“တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ ပြည်သူပိုင်ပစ္စည်းတွေကို လုယူတာတွေပါလုပ်တယ်။ နောက်ကျွန်တော်တို့ ဒေသခံတွေ မွေးမြူထားတဲ့ ဝက်တွေ၊ ကြက်တွေကိုပါ သတ်စားပစ်တယ်။ ဒီနေ့မနက်မှာပဲ တာဝရွာကို မီးရှို့ဖျက်ဆီးနေတယ်။ အိမ်ခြေ ဘယ်လောက်ထိ မီးထဲပါသွားတယ်ဆိုတာတော့ မသိရသေးဘူး ” ဟု အသက် ၂၅ နှစ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ရက်နေ့ကလည်း အင်အား ၁၀၀ ခန့်ဖြင့် အထက်ငါးနန်းကျေးရွာသို့ သေနက်များ ပစ်ခတ်၍ ဝင်ရောက်ခဲ့ပြီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှု့ကြောင့် အသက် (၄၃ )နှစ်အရွယ်အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်းအတွင်းသို့ အင်အားအလုံးရင်းဖြင့် ဝင်ရောက်နေပြီး ဆားလင်းကြီးမြိုနယ်၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်များ အတွင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းခြင်းများ ပြုလုပ်နေ၍ ဒေသခံတော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။
#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #တာ၀ကျေးရွာ #စစ်ကောင်စီတပ် #မီးတင်ရှို့ #Ayeyarwaddy_Times