ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၄ ရက်
ဧရာ၀တီတိုင်းတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေ အင်အားလျှော့နည်းနေတာ မြင်တွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ တိုင်းဝန်ကြီးချုပ်နေထိုင်ရာ ပုသိမ်မြို့မှာလည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးခြေလျှင်တပ်တွေကို တပ်စွဲပြီးနေရာချထားတာတွေပြုလုပ်ပေမယ် ၂၀၂၃ ဇန်နဝါရီလအတွင်းကစတင်ပြီး ရေတပ်၊ လေတပ်ကတပ်သားတွေသာတွေ့နေရတယ်လို့ ပုသိမ်မြို့ပြပျောက်ကြားအဖွဲ့က နေသိရပါတယ်။
“ရေတပ်နဲ့ လေတပ်တွေကို ကင်းလှည့်ခိုင်းနေထဲကလက်ရှိမြို့ပြမှာ စစ်ကောင်စီကအင်အားချည့်နဲ့လာပြီလို့ပြောလို့ရတယ်၊ နောက်တစ်ချက်က ၀န်ထမ်းတွေ ရဲစခန်းထဲက မိသားစုတွေကိုလေ့ကျင့်ရေး ၆ မှာသေနတ်ပစ်သင်ပေးနေတာတွေရှိတယ်၊ မြို့ပြမှာအရန်အင်အားအဖြစ် ထုတ်သုံးဖို့ရည်ရွယ်ထားပုံရတယ်”လို့ ပုသိမ်မြို့ပြပျောက်ကြားအဖွဲ့ တာ၀န်ခံ ကိုစစ်ရန်ရှင်းက ဧရာ၀တီတိုင်မ်းကို ပြောပါတယ်။
စစ်ကောင်စီအနေနဲ့လည်း ကရင်ပြည်နယ်ဘက်မှာ တိုက်ပွဲများမှာမြေပြင်မှာ ထိခိုက်မှုများရှိနေပြီး တိုက်ပွဲ ဖြစ်ပွားနေတယ်လို့သတင်းကြားတိုင်း ပုသိမ်လေတပ်စခန်းဌာနချုပ်က လေယာဥ်များ တစ်နေ့ကို ၄ ကြိမ်ထက်မနည်းထွက်ခွာနေတာမြင်တွေ့ရတယ်လို့ ပုသိမ်ဒေသခံတွေကပြောပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်ထောက်ခံသူများကြံခိုင်ရေးပါတီ၀င်နဲ့ ရဲသတင်းပေးများကို စုပေါင်းပြီး ပြည့်သူလုံခြုံရေးအဖွဲ့ဆိုပြီး မြို့နယ်စစ်ကောင်စီက ဖေဖော်ဝါရီလ ၃ ရက်နေ့က ထွေအုပ်ရုံးမှာ၀တ်စုံများပေးအပ်ခဲ့ပြီး လက်ရှိအချိန်ထိတော့ လက်နက်တပ်ဆင်ပေးတာမရှိသေးဘူးလို့ ထွေအုပ်ရုံးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အင်အားအများအပြားနဲ့ ရပ်ကွက်တွေက ဘုရား၊ ဓမ္မာရုံနဲ့ စာသင်ကျောင်းတွေမှာ တစ်နှစ်ကျော်ကြာအောင်တပ်စွဲထားခဲ့ပြီး ညအချိန်ဧည့်စာရင်းစစ်ခြင်း၊ လမ်းပေါ်မှာကင်းပုန်း၀ပ်ခြင်း၊ ဘယ်ရီဂိတ်များချကာ သွားလာနေသူတွေကို ခြိမ်းခြောက်ငွေညှစ်ခြင်းနဲ့ လူငယ်တွေကို PDF လို့စွပ်စွဲပြီးရိုက်နှက်ဖမ်းဆီးတာတွေပြုလုပ်ခဲ့တယ်လို့ ပုသိမ်မြို့ဒေသခံတွေဆီကနေသိရပါတယ်။
ဓာတ်ပုံ – ပုသိမ်က ပြည့်သူ့လုံခြုံရေးအဖွဲ့ဆိုသူများကို၀တ်စုံပေးအပ်နေပုံ
#စစ်ကောင်စီ #မြို့ပြ #အင်အား #ပုသိမ်မြို့ပြပျောက်ကြား #သုံးသပ်
#Ayeyarwaddy_Times