ဧရာဝတီတ်ိုင်းမ်
ဖေဖော်ဝါရီလ ၂၄ ရက်
စစ်ကောင်စီတပ်၏ ၀င်ရောက်စီးနင်းခြင်းကို ခံခဲ့ရသည့် မြ၀တီမြို့ရှိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း (၁၀၃) ဌာနချုပ်ကို ယမန်နေ့ နေ့လည်ပိုင်းအချိန်က ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။
မြ၀တီတောင်ပိုင်း၊ ကော့ကရိတ်မြို့နယ်၊ တပ်မဟာ (၆)နယ်မြေ KNLA တပ်ရင်း (၁၀၃)ဌာနချုပ်ကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းအချိန်က ဝေါလေဗျူ ဟာမှတစ်ဆင့် စစ်ကြောင်းထိုး၀င်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့်မှ ၀င်ရောက်စီး နင်းမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စီးနင်းခံခဲ့ရသည့်စခန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ၁၂ နာရီအချိန်က ပြန်လည်းသိမ်းယူနိုင်ခဲ့ကြောင်း Federal Wings ပူးပေါင်းတပ်ဖွဲ့မှ ပြောသည်။
“စစ်ကောင်စီက စခန်းကို၀င်စီးပြီး မီးရှို့ဖျက်ဆီးချိန် ကျွန်တော်တို့ဘက်ကလည်း ဒရုန်းတွေနဲ့ ဆက်တိုက် ဗုံးကြဲချတာတွေလုပ်တော့ ညတွင်းချင်းပဲ အမှောင်ထဲမှာပဲ တပ်ပြန်ဆုတ်သွားတယ်။ ခုစခန်းကိုပြန်လည်း သိမ်းယူနိုင်ခဲ့ပါပြီ။ အဆောက်အဦတွေပဲ မီးရှို့ခံခဲ့ရတာပါ။ တပ်ဖွဲ့၀င်တွေ ထိခိုက်မှုမရှိခဲ့ပါဘူး”ဟု တာ၀န်ရှိသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စစ်တပ်ထောက်ခံ မီဒီယာအချို့တွင် ကရင်ပြည်နယ်ရှိ နယ်ဒါးမြဦးဆောင်သည့် ကော်သူလေးဌာနချုပ်ဖြစ်သည့် ဦးကရစ်ခီးစခန်းကို တပ်မတော်မှသိမ်းပိုက်လိုက်ကြောင်းနှင့် သေဆုံးအလောင်း ၆ လောင်းနှင့် လက်နက်ခဲယမ်းပုံများနှင့်တကွ ဝါဒဖြန့်ရေးသား ဖော်ပြခဲ့ကြသည်။
ဗိုလ်ချုပ်နယ်ဒါးမြဦးဆောင်သည့်တပ်ရင်းမှာ ကော်သူလေး ဌာနချုပ် KTLA တပ်ရင်း ဥကရစ်ခီးစခန်းဖြစ်ကြောင်းနှင့် ယခုစီးနင်းခံရသည့် စခန်းမှာ KNLA တပ်ရင်း (၁၀၃)ဌာန ချုပ်ဖြစ်ကြောင်း သိရှိရသည်။
#Ayeyarwaddy_Times