ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်

နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ အမှတ် (၂၀၃၁) လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းနှင့် လိပ်သိုလ်ဗျူဟာကုန်းအား မစ်ဇိုင်း (ခ) တာဝေးပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နေပြည်တော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမှတ်(၂၀၃၁) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းကို ဖေဖော်ဝါရီ ၂၂ ရက်၊ နံနက် ၉ နာရီခွဲခန့်က တာဝေးပစ်ဒုံးကျည် ၂ စင်းဖြင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိလိုင်းခန်းဟု ယူဆရသော တပ်စခန်းဝန်းရှိ အဆောက်အဦတစ်လုံး ထိမှန်ခဲ့ကြောင်း သိရသည်။

“ စကစ သေဆုံးထိခိုက်မှုတော့ကို မသိရသေးပါဘူး။ အခုက တောင်မြင့်ရေပူ အလည်ချောင်းကျေးရွာ တစ်လျှောက်မှာ ရှိနေတယ်။ အရင်လည်း နေပြည်တော်နဲ့ ရှမ်း-ကရင် နယ်စပ်စည်းတလျှောက် စကစ အထိုင်စခန်းချ အင်အားတိုးထားတာ ရှိနေတယ်” ဟု နေပြည်တော် PDF တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်သဖြင့် အာဏာသိမ်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ပြီး ဂျက်ဖိုက်တာ ၁ စင်းတက်ကာ လိုက်လံရှာဖွေခဲ့သော်လည်း ပစ်ခတ်ခြင်းမရှိကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက် ၇ နာရီခန့်ကလည်း စစ်ကောင်စီ၏ လိပ်သိုလ်ဗျူဟာကုန်းအား တာဝေးပစ်ဒုံးကျည် ၁ စင်းဖြင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုမူ မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် အာဏာသိမ်း စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိသည်ဟု သိရှိရသော်လည်း ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

PDF ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။