ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဖေဖော်ဝါရီလ ၂၄ ရက်
မတူပီမြို့၊ CDF-Matupiထိန်ချုပ်ထားသော နယ်မြေအတွင်းရှိ စက်ယန္တရားများကို အသုံးပြုပြီး ပျက်စီးသွားသော ကျေးရွာချင်းဆက်လမ်းများနှင့် တံတားများကို ပြည်သူလူထုများအသုံးပြုနိုင်ရန်အတွက် ပြန်လည်ပြုပြင်မှုများဆောင်ရွက်သွားမည်ဟု မတူပီမြို့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF-Matupiက ယမန်နေ့တွင် ပူးတွဲသတင်းထုတ်ပြန်သည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်ကောင်စီယန္တရားလည်ပတ်စေသော တင်ဒါလုပ်ငန်းများကို ယခင် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းမှ မလုပ်ကိုင်ကြရန် CDF-Matupiက သတိပေးခဲ့ပြီးနောက် ပျက်စီးသွားသော လမ်းများနှင့် တံတားများကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ လူအင်အားတစ်ခုဖြင့် ပြုပြင်ရာတွင် လုပ်ငန်းနှောင့်နှေးမှုများရင်ဆိုင်နေရကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ CDF-Matupi ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရွာချင်းဆက်သွယ်တဲ့ လမ်းတွေ တော်တော်ပျက်နေလို့ တစ်ချို့လမ်းတွေဆိုရင် မိုးတွင်းလုံးဝသွားမရတော့တာတွေရှိတယ်။ အဲဒါတွေ ပြင်ဖို့အတွက်ပါ။ တစ်ချို့တင်ဒါသမားတွေကတော့ အာဏာသိမ်းပြီးကတည်းက အလုပ်ကြတော့ဘူး”လို့ CDF-Matupi တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
CDF-Matupi ထိန်းချုပ်ထားသော နယ်မြေအတွင်းတွင် ကြုံတွေ့နေရသော လမ်းပန်းဆက်သွယ်ရေးအခက်ခဲများကို မတူပီမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF-Matupi တို့က ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေအတွင်းရှိ စက်ယန္တရားများကို ပြည်သူတင်မြောက်ထားသော အစိုးရတစ်ရပ် အပေါ်ပေါက်မီအချိန်ကာလအထိ လိုအပ်သလို အသုံးပြုသွားမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်များသည် မတူပီမြို့ပေါ်ရှိ ၎င်းတို့တပ်ရင်းထဲတွင်သာ နေထိုင်ကြပြီး နယ်မြေဒေသအများစုကို CDF-Matupiက ထိန်းချုပ်ထားကာ မတူပီမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးတွဲထုတ်ပြန်ချက်ကို မိဘပြည်သူများအနေဖြင့် ကြည်ဖြူစွာလက်ခံပေးရန် မေတ္တာရပ်ခံထားသည်။
#မတူပီ #ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ #CDF-Matupi #ကျေးရွာချင်းဆက်လမ်း #ပြုပြင်
#Ayeyarwaddy_Times