ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဖေဖော်ဝါရီလ ၂၄ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တကေးချောင်းဖျားရွာ မူလတန်းကျောင်းအုပ်ဖြစ်သူ ဒေါ်နွယ်နွယ်ဦးအား ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်များမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မူလတန်းကျောင်းအုပ် ဆရာမတစ်ဦးဖြစ်သူ ဒေါ်နွယ်နွယ်ဦးအား စာသင်ကျောင်း၌ရှိနေစဉ် အမည်မသိလူများမှ ဖမ်းဆီးခဲ့ပြီးနောက် ကျေးရွားအနီး၌ သေနတ်ဖြင့် ၅ ချက်ခန့်ပစ်သတ်ခဲ့ပြီး နေရာတွင်ပင်သေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့စွပ်စွဲနေတဲ့အဖွဲ့က လုပ်တာမဟုတ်ပါဘူး။ အဲ့ဒီဘက်က တာဝန်ရှိသူနဲ့လဲမေးပြီးပြီး။ တခြား PDF တွေဘက်ကလဲ မဟုတ်ဘူး။ သတင်းအမှားတွေပါ။” ဟု သထုံခရိုင် PDFတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါဆရာမပစ်ခတ်ခဲ့ရမှုအား စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် PDF များမှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဝါဒဖြန့်ပြောဆိုထားကာ PDF ဘက်မှလည်း ၎င်းတို့လက်ချက် မဟုတ်ကြောင်း ငြင်းဆိုထားပြီး ဧရာဝတီတိုင်းမ်အနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

“PDF တွေဘက်က လုပ်တာတော့မဖြစ်နိုင်ဘူးထင်တယ်။ ဒလန်လို့သတ်မှတ်ထားတဲ့ ပညာရေးမှူးရုံးက သူကိုတောင်မသတ်တာ။ ဒီကျောင်းအုပ်ကို pdf ကလည်းသိတောင်မသိ။ အရင်ကလည်း pdf တွေဘက်က ပညာရေးကိုပစ်မှတ်မထားဘူးဆိုတာ ထုတ်ပြန်ချက်တွေ့ဖူးတယ်။ စစ်ကောင်စီက PDF တွေကို ပုံဖျက်နေတာဖြစ်နိုင်တယ်။ ဒီဖြစ်စဉ်မတိုင်ခင်ထဲက အစည်းအဝေးတွေမှာ အဲ့ဒီဘက်ခြမ်းတွေကို PDFတွေစောင့်ကြည့်နေတယ်၊ သတိထားဆိုပြီး ပြောတာ ကြားဖူးတယ်။” ပညာရေးအသိုင်းဝိုင်းနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

ထို့အတူ လှည်းကူးတွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း မိသားစု ၅ ဦးသတ်ဖြတ်ခံရမှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်က PDFများမှ လာရောက်သတ်ဖြတ်သွားသည်ဟု ဝါဒဖြန့်ပြောဆိုသော််လည်း အမှန်တကယ်တွင် အဆိုပါမိသားစုဝင်မှာ PDFတစ်ဦးဖြစ်ခြင်း‌ကြောင့် ပျူစောထီးအဖွဲ့ဝင်များမှ လာရောက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။