ဧရာဝတီတိုင်းမ်
(သထုံ)၊ ဖေဖောဝါရီလ ၂၄ ရက်
မွန်ပြည်နယ်၊ သထုံ-ဘီးလင်းလမ်းမကြီးပေါ်ရှိ မိဇိုင်းဝောာင်ကုမ္ပဏီတံတားထိပ်တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညပိုင်းက KNLA၊ PDF မိတ်ဖက် တော်လှန်ရေးတပ်ပေါင်းစုမှ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ည ၈ နာရီခန့်က သထုံ-ဘီးလင်း အဝေးပြေးလမ်းမပေါ်တွင် မောင်းနှင်လာသည့် ကား၇စီးပါ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ပြီး ၂ ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိ၍ စစ်ကား ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။
“ဘီးလင်းကနေ သထုံဘက်ကိုဆင်းလာတာ။ စစ်ကား ၇ စီးပါတယ်။ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီဘက်က ကား တစ်စီး ပျက်စီးခဲ့ပြီး ထိခိုက်မှုတွေများတယ်လို့ သိရတယ်” ဟု သထုံခရိုင်PDFတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်မှုကို KNLA တပ်ရင်း(၂)၊ တပ်ခွဲ(၃)၊ PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရမှုများ မကြာခဏဖြစ်ပွားနေပြီး သထုံမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီယာဉ်တန်းအား မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုမှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#မွန်ပြည်နယ် #သထုံ-ဘီးလင်းလမ်း #စစ်ကောင်စီယာဉ်တန်း #မိုင်းဆွဲတိုက်ခိုက် #စစ်ကောင်စီတပ်သား #၇ဦးသေ #Ayeyarwaddy_Times